Saturday, April 18, 2009

ဆောင်းများ


မြောက်ပြန်လေတွေပြန်လာတဲ့နေ့က
ဘယ်သူမှမပို့တဲ့
အီးမေးလိပ်စာကို
ဖွင့်ဖတ်မိတယ်
စစ်ပွဲကြီးတခုပဲစတင်တော့မလိုလို
စစ်ပွဲကြီးတခုပဲပြီးဆုံးသွားခဲ့ပြီလိုလို
လမ်းတွေဟာ ဟာလာဟင်းလင်း
ဓာတ်ကြိုးတန်းတွေက အဝေးမှာနိမ့်ဆင်းသွား
ဘယ်ဆီများလဲ….

မပြောမဆို
တမြေ့မြေ့တိမ်တွေ
ခုချိန်သာဆို
ကန်သုံးဆင့်မြက်ခင်းပြင်ထဲမှာ
မြေ၀ပ်ငှက်ကလေးတွေ
အိမ်ပြန်ချိန်တဲ့
သွေးညှီနံရလို့
ညနေခင်းကိုရှိုက်သွင်းမိတော့
သစ်သားမီးကျွမ်းရနံဟာ
အပြာရောင်သေတမ်းစာ
သိုက်ဆရာရဲ့ကြိမ်လုံးလို
အဝေးကခေါ်သံများ.....
ဘ၀ဟောင်းရဲ့
ရေပြင်အောက်အမှောင်ထုမှာ
သိုက်ကြိုးမဖြတ်ရသေးတဲ့ငမန်းတွေ
လန့်နိုးကူးခတ်ကြ
အိမ်နောက်ဖေးတောအုပ်ထဲက
ချိုးကူသံသဲ့သဲ့ကြားရ၊
တူးပို့ဒိုးသံတွေနဲ့
သပြေခက်တွေနဲ့အမေထိုးတဲ့
အတာရေအိုးလေးကိုလည်း
သတိတရပေါ့
လေထဲ မင်းနာမည်
ငါရေးခဲ့တယ်။ ။
သစ်ကောင်းအိမ်
(၁၆. ဒီဇင်ဘာ. ၂၀၀၆)
ကန်သုံးဆင့်= ပုသိမ်မြို့မှ ကန်ညီနောင်သုံးဖော်


4 comments:

မယ့်ကိုး said...

“သွေးညှီနံရလို့
ညနေခင်းကိုရှိုက်သွင်းမိတော့
သစ်သားမီးကျွမ်းရနံဟာ
အပြာရောင်သေတမ်းစာ...”
စကားဝှက်တွေရဲ့  ဆန်းသစ်မှုမှာ တအံ့တသြသဘောကျနေဆဲ။

အိန္ဒြာ said...

မြေ၀ပ်ငှက်ကလေးတွေ
အိမ်ပြန်ချိန်တဲ့
မြေ၀ပ်ငှက်ကလေးတွေ
အိမ်ပြန်ချိန်တဲ့
မြေ၀ပ်ငှက်ကလေးတွေ
အိမ်ပြန်ချိန်တဲ့
မြေ၀ပ်ငှက်ကလေးတွေ
အိမ်ပြန်ချိန်တဲ့

MANORHARY said...

ကန်သုံးဆင့်မှာ
ခုတော့လည်း
အစိမ်းရောင်တွေက တောထလို့
မြေဝပ်ငှက်ကလေးတွေ
ပြန်စရာအိမ်မရှိဖြစ်နေပေါ့.....

ဆောင်းယွန်းလ said...

လွမ်းလိုက်တာညီလေးရာ..ပုသိမ်ကအမေ့အိမ်ကို