Friday, December 25, 2009

ရေခဲဖုတ်ကောင်


ပိုးဖလံတွေ မီးထဲ အပျံသင်သလို
ငါးမန်းတွေ သွေးညှီနံ့နောက်လိုက်သလို
နုံးတိုးငါးတွေ အေးရာအေးရာအေးကြောင်းရှာသလို
အပျော်ကြီးပျော်နေတဲ့ အပျော်ကြီးထဲမှာ
ပျော်သွားတဲ့အပျော်တွေကိုပြန်ရေ

ဖြတ်ခဲ့တဲ့ အဖြတ်တွေ
ဖြစ်ခဲ့တဲ့ အဖြစ်တွေ
တကယ်က
အဖြတ်ခံခဲ့ရတဲ့အဖြတ်တွေ
အဖြစ်ခံခဲ့ရတဲ့ အဖြစ်တွေ

ပျော်ပါတယ်
ပျော်စရာဆိုလို့
အရည်မပျော်အောင်တောင့်ခဲ
နေရောင်မလာအောင်ကျိန်ဆဲနေမိတဲ့
ကိုယ်က ရေခဲဖုတ်ကောင်

နှင်းတစပြင်မှာ
ဆောင်းမီးလောင်ရင်း
ကျနော် ပျော်ပါတယ်
လူ့သမိုင်းထဲငိုက်မြည်းသူ
ကျိုးလွယ်ဆတ်လွယ်မကောင်းမြင်ဝါဒီစကားဝါကိုင်း

ကျနော်
အကောင်းမြင်ပါတယ်
အကောင်းပြည်ကြီးကိုပြန်သွားတယ်
အကောင်းပြည်ကြီးကပြန်လာတယ်

လှလှ
ဒုက္ခနဲ့တွေ့မှပိုလှမယ့်
ကျမနာမည်လှလှ။

(၂၄၊ ဒီဇင်ဘာ၊ ၂၀၀၉)

Tuesday, November 17, 2009

ကြောင်စုန်း


ကမ်းခြေတိုင်းဟာ အပမ်းဖြေစခန်းဖြစ်လာ
ဘတ်စ်ကားပေါ်က ထိုင်ခုံတနေရာ
ဇိမ်ခံပစ္စည်းဖြစ်လာ
နည်းပညာက အိပ်ရာထဲထိရောက်လာတယ်
တတိယလှိုင်းဟာ တတိယကမ္ဘာကိုရောက်လာတယ်
လိင်စိတ်တွေဆန်းလာတယ်
စစ်ပွဲတွေဆန်းလာတယ်
သေခြင်းတရားတွေကလည်း အဆန်းတကြယ်

သြော်….
လပေါ်လုတက်ရာက
မေတ္တာတော်နဲ့ ဝေးခဲု့ကြ
ကမ္ဘာကြီးက ရွာကြီးဖြစ်ခဲ့ပြီ။ ။


စိမ်းရောင်လွင်မဂ္ဂဇင်း( ၂၀၀၁)
ဗြူးတီးမဂ္ဂဇင်း (၂၀၀၃)

Friday, November 6, 2009

သားလေးမြိုင်ရပ်နှင်


အဖေ့ပြည်တွင်းရေးမှာ
ကျနော်က စစ်ပြေးဒုက္ခသည်
ဘ၀နယ်နိမိတ်မျဉ်းစပ်မှာ
သံဆူးကြိုးအထပ်ထပ်နဲ့
လက်နက်ကိုင်အစောင့်အကြပ်တွေကြား
ကျနော်လူလားမြောက်လာ

ကျနော်ငှက်ဥနှိုက်တမ်း မကစားဖူးဘူး
ကြီးပြင်းလာတော့ ပျားဖွတ်သမားလည်း မဟုတ်ဘူး

ကျနော့်နိုင်ငံစစ်ရှုံးတော့
သားလေးက သုံ့ပန်း
တကျွန်းစံ၊ နံရံပေါ်ဝလုံးရေးကျင့်ရင်း
လောကယမ်းငွေ့တွေကြား
ဖေဖေ့ရုပ်ပုံလွှာ မင်းပုံဖော်ကြည့်နေမလား

ဖေဖေ ငှက်ဥနှိုက်တမ်းမကစားဖူးဘူး
ကြီးပြင်းလာတယ် ပျားဖွတ်သမားလည်း မဟုတ်ခဲ့ဘူး။ ။

(ဟန်သစ်မဂ္ဂဇင်း ၂၀၀၂)
(ပိတောက်မြေမဂ္ဂဇင်း ၂၀၀၄)

Wednesday, November 4, 2009

ပလူကောင်များ

မိုးရွာပြီးစ ညနေခင်း
ကမ္ဘာမြေရဲ့ထိုင်းမှိုင်းမှုထဲက
သူတို့ ထွက်ပြေးလာ
မှော်တတ်တဲ့
သူတို့ရဲ့မီးတောက်မီးလျှံတွေဆီ
မမြင်မကန်း၊ သူတို့ ပြေးထွက်သွား
မနက်လင်းတော့
ဓာတ်မီးတိုင်တွေရဲ့ခြေရင်းမှာ
သူတို့အိပ်မက်တွေကို
သူတို့အတောင်ပံတွေအဖြစ်နဲ့ မြင်တွေ့လိုက်ရတယ်။ ။

( ၁၉၉၆ ရနံ့သစ်မဂ္ဂဇင်း)

Friday, October 9, 2009

သို့ …မစ္စတာ ဂျင်ဝက်ဘ်ထံမှတဆင့်


ကမ္ဘာအနှံအပြားမှာ

အကြမ်းဖက်သမားတွေကို လိုက်ရှာနေပြီး

အိမ်ဦးခန်းမှာ လူသတ်သမားတွေကို ထမင်းဖိတ်ကျွေးနေတဲ့

အို.... အမေရိကား

လူထူထူမှာ

လူရှိန်အောင် စစ်ပွဲလှလှတွေကို

ထည်လဲတွဲပြတတ်သူ လူချောလူလှ အမေရိကား

သင့်မြို့လယ်ပန်းခြံတွေမှာ သင့်နိုင်ငံသားဆယ်ယောက်လောက်က

စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကျင်းပနေပြီး

သင့်ငယ်ထိပ်မှာ

ဒုံးကျည်ထိပ်ဖူးတွေကို ကွန်ဒုံးလိုစွပ်ထားသူ အမေရိကား

အထည်ကြီးပျက်မို့ သွေးသိပ်ပျက်နေသလား အမေရိကား

ခင်ဗျားနဲ့ကျနော့်ကြားမှာ

အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးပဲရှိတဲ့ အမေရိကား

ငါ့ကို အရက်ဖြတ်ဖို့မပြောခင်

အီရတ်စစ်ပွဲကြီးကို အရင်ရပ်ပေးပါ အမေရိကား

ချောင်းနေတဲ့နဂါးနဲ့ ၀ပ်နေတဲ့ကျားသိုင်းကြမ်းဇာတ်တော်ကြီးမှာ

ငထွားကခါးနာမူဝါဒနဲ့ စေ့စပ်ဒူးထောက်ရေးဘုရားကု

ငါတို့တိုင်းပြည်ကို ကုပေးမလို့လား အမေရိကား

ဖနောင့်နဲ့ပေါက်သူကို

ဖိနပ်ကလေးနဲ့ပြန်ပေါက်မိသူတွေလည်း တရားပါတယ်နော် အမေရိကား

ခင်ဗျားနဖူးအမာရွတ် ခင်ဗျားတော့

အာဖဂန်မှာမြေလှန်ရှာတုံး

ခင်ဗျားကိုယ်တိုင်တော့

မြွေပွေးနဲ့သွေးကြွေးမှာ

ဖြေဆေးမရှိခဲ့ဘူး မဟုတ်လား

အိုဘယ့် ဘယ်… အိုဘယ့်

အသင် အမေရိကား။


(၁၊ အောက်တိုဘာ၊ ၂၀၀၉)

Tuesday, September 8, 2009

မိုးနေ့ဟောင်းများ


လာတုန်းကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်

မင်းကမ်းစပ်မှာ
လက်ပမ်းကျတဲ့ပင်လယ်
မင်းကမ်းခြေမှာ ရေတိမ်နစ်တဲ့ပင်လယ်

လာတုံးကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်

မင်းစဥ့်တီတုံးပေါ်
အရှင်လတ်လတ်ငါးတကောင်သေငယ်ဇောငင်သလို ပင်လယ်
မင်းကောင်းကင်အောက်မှာ
လှိုင်းတွေနဲ့ဘောင်ဘင်ခတ်
မှန်တချပ်လိုဖျပ်ဖျပ်လူးကျကွဲနေတဲ့ ပင်လယ်

မင်းမျက်နှာအနေအထားသာ
ငါ့အတွက် လောကဓံတရားဆိုတဲ့ ပင်လယ်
မင်းမုန်တိုင်းတွေမှာ
အဘိဓ္ဒမာဆရာတယောက်လိုငိုကြွေးပြီး
မင်းလေညင်းတွေမှာ
ကလေးငယ်တယောက်လို ရယ်မောပျော်ရွှင်သူပင်လယ်

ပျင်းရိငြီးငွေ့ဖွယ် မင်းနေ့တွေမှာ
စင်ရော်တွေကိုပျံသန်းခိုင်းပြီး
လင်းပိုင်တွေကို မြူးတူးဆော့ကစားစေသူ ပင်လယ်

လပြည့်လကွယ်ညရောက်တိုင်း
ရေသူမတွေကိုဖန်ဆင်း
မင်းခြေတော်ရင်းမှာ ဝပ်ဆင်းခံစားစေသူပင်လယ်

မင်းအနမ်းမှာပဲ
ကိုယ့်ကိုယ်ကို ငါးမန်းစာကျွေးပစ်ချင်တဲ့ပင်လယ်
မင်းသေနတ်ထဲမှာပဲ
အသက်စွန့်ရတဲ့ ကျည်ဆံတတောင့်ဖြစ်ချင်တဲ့ ပင်လယ်
မင်းရာဇဝင်မှာပဲ
ပုဂံမြို့ဟောင်းဖြစ်ချင်တဲ့ပင်လယ်
မင်းလက်ဝါးကပ်တိုင်မှာပဲ
သူတော်စင် ငါဖြစ်ချင်တဲ့ပင်လယ်

လာတုံးက အုန်းရေသောက်ရုံ
ခရုခွံကောာက်ရုံသက်သက်


Thursday, August 27, 2009

poem from an old magazine in 2003

ပြတင်းတံခါးအပိတ်
သစ်ကောင်းအိမ်
သြဂုတ် ၂၉၊ ၂၀၀၉

တံခါးတချပ်ပြီး တံခါးတချပ်
အခန်းတခန်းပြီး အခန်းတခန်း
သုံ့ပန်းတယောက်ပြီး သုံ့ပန်းတယောက်
ဧကရာဇ်တပါးပြီး ဧကရာဇ်တပါး
စစ်ပွဲတပွဲပြီး ငြိမ်းချမ်းရေးတဆူ
ငြိမ်းချမ်းရေးတဆူပြီး စစ်ပွဲတပွဲ
ဝါဒတရပ်ပြီး ဝါဒတရပ်
ဓာတ်ကြီးလေးပါးပြီး ဓာတ်ကြီးလေးပါး
မနက်ဖြန် ရောက်လာမယ့် မိုးသောက်ဟာ
မနေ့က ပျောက်ဆုံးသွားတဲ့ ဆည်းဆာတခု
ရှုမျှော်ခင်းရဲ့အဆုံးမှာ
နောက်ထပ် ... ၃၆ဝံရှိတဲ့ သံသရာတခု
နောက်ထပ် ... စက်ဝိုင်းဖြတ်မယ့် မျဉ်းတကြောင်း

[ မူရင်း - ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂ဝဝ၃ ]

Wednesday, August 5, 2009

ခုတလောများ

ဝန်ခံချက်
(မနော်(မနော်ဟရီ)က ခုတလောအကြောင်း ရေးခိုင်းလာလို့ သူတို့ရဲ့ ခုတလောတွေကိုလည်း သူတို့ဘလော့ အသီးသီးမှာ ရေးထားကြတဲ့ ဆရာဆရာမတွေကို အားကျပြီး ကျနော့်ရဲ့ ခုတလောများအကြောင်းကို ရေးတတ်သလို ချရေးကြည့်မိတာပါ။ ။)
ခုတလော
ရှုရှိုက်နေရတဲ့လေကိုက မှောင်မှောင်မည်းမည်းကြီး ခုတလော
နေ့တွေက ငါ့ကိုနေထိုင်သွားကြတယ် ခုတလော
ညတွေက ငါ့ကို ၀င်အိပ်သွားကြတယ် ခုတလော
ရစ်လုံးတလုံးနဲ့ချည်နှောင်ရင်း
ကောင်းကင်ထဲ ဆွဲကြိုးချသေသူ စက္ကူစွန်တစင်းရဲ့ဈာပနမှာ
ခုတလော
အာဖရိကတောနက်ထဲ ပဒူတွင်းတက်နင်းမိသလို ခုတလော
မြွေပြွေးသိုက်ထဲ လက်နှိုက်ပြီး ချိုးဥပျောက်လိုက်ရှာနေမိတယ်
ခုတလော
ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ညသီချင်းကိုဆိုရင်း မျက်ရည်ကျနေတုံးပဲလားရဲကြီးရေ
ခုတလော­­
ဒေ၀ဒတ်နဲ့အဇာတသတ်မျိုးစပ်ထားတဲ့ကောင်တွေနဲ့
ခုတလော
ခုတလော ဟိုတလောက နှစ်တွေအတိုင်း ခုတလော
စောစောက မစောတော့ဘူးပြောပေမဲ့
ငါလား အနှစ်နှစ်ဆယ် အကျောပေးထားတာပါကွာလို့
ရယ်ရယ်မောမောနဲ့
စောစောကို အရှက်ပြေပြန်ပြောရဦးတော့မယ့် ခုတလော
ဟိုတလောကနှစ်တွေအတိုင်းပါပဲ ခုတလော

(၄။ သြဂတ်စလ။ ၂၀၀၉)

Thursday, July 30, 2009

ပိတောက်တွေဖွင့်မယ့်သော့ (၂)


­­­­­­မုဆိုးမကြီး
ခါးဝတ်ထမီ မြဲမြံတုန်း…..

ယောင်ထုံးကိုယ်စီနဲ့
၂၀၁၀လင်မျှော်ကုန်းမှာ
ယောက်ျားရင့်မာကြီးတွေ
စုရုံးနေတယ်။ ။

(၂၆.ဇူလိုင်. ၂၀၀၉)

Sunday, June 28, 2009

ဇွန် ၂၈သို့ စံပယ်ပန်းများစွာဖြင့်



ဒီတနှစ်ကိုလည်း

ပစ်လိုက်ရပြန်ပြီ။

ဒီအဖြစ်မှာလည်း

ပျက်လိုက်ရပြန်ပြီ။

နှစ်လေးဆယ်နားက

မြစ်ကွေ့မှာ

နေကောင်းကျန်းမာပါစေ

ငါ့အချစ်။

ငါ့တနွေလုံး နေလုံးကွယ်ခဲ့

ငါ့တမိုးလုံး မိုးမီးလောင်ခဲ့

ငါ့တဆောင်းလုံးလည်း စောင်းကြိုးတွေပြတ်ခဲ့

နှစ်လေးဆယ်နားက

မြစ်ကွေ့မှာ

ကျန်းမာပျော်ရွှင်နိုင်ပါစေ

ငါ့အချစ်။

နှစ်ခြောက်ဆယ်အမောထဲမှာ

ငါမျောနေတာလည်း

ပျော်တယ်လို့ပဲ ပြောရမယ်

ဗေဒါလမ်းမှာ လွမ်းစရာဘာရှိလဲ

လမ်းဆုံးတော့ ရွာပျောက်တယ်

အလွမ်းဆုံးရေ

အကြမ်းဆုံးမြစ်ကို ဆန်ဦးစို့

နှစ်လေးဆယ်နားက

မြစ်ကွေ့မှာ

ကျန်းမာပျော်ရွှင်နိုင်ပါစေ

ငါ့အချစ်။


(၂၈. ၆. ၂၀၀၉)




Thursday, June 18, 2009

နောက်နေ့ကျမှ ဆက်ပြောကြရအောင်



တသက်လုံး
ချိုးထောင်၊ ခါနှိုက်လုပ်လာတဲ့ကောင်
စိတ်ကောင်းဝင်တဲ့နေ့မှာ ငှက်လွှတ်မယ်

အရုဏ်ဦးမှာ
ချစ်စွာသောကြာပန်းရနံ့တို့ဖြင့်
မွှေးပျံစွာ
ဘုရားပန်းတင်မယ့်လက်များ
အရာရာဟာ
လျာထားချက်ထဲမှာပဲ
ရှိသေးတယ်

တောကနက်လွန်းတော့
ခြင်္သေ့ရှိတယ်
ခွေးအရှိတယ်
လင်းယုန်လည်းရှိတယ်
လင်းတလည်းရှိတယ်

ကမ္ဘာကျော်ဘောလုံးသမား
မဖြစ်လည်း
ကမ္ဘာကြီးရဲ့အရေပြားပေါ်
ဆေးမင်ထိုးခဲ့တယ်

အပျော်စီးသင်္ဘောကြီးနဲ့
ကမ္ဘာ့သမုဒ္ဒရာကြီးတွေမဖြတ်ဘူးပေမယ့်
ဘတ်(စ)ကားကြီးတစင်းထဲ
ပျော်ရွှင်နေတဲ့လူအုပ်ကြီးထဲတိုးဝင်
အိမ်ပြန်ချင်တယ်

……ကမ္ဘာစစ်နှစ်ခုနဲ့ညားခဲ့တဲ့
နာမည်ကျော်မုဆိုးမ……

မြစ်ကူးချောင်းခြားတောင်
အနမ်းဟာ ယမ်းနံ့မကင်းဘူး

ဧဒင်မျိုးတုံးဖို့
လူသားဗုံးတွေတလုံးပြီး
တလုံးပေါက်ကွဲနေချိန်မှာ
တို့တယောက်ကိုတယောက်
ပိုချစ်ကြရအောင် ဒေလီယာ…..။ ။

၂၇. ဇန်န၀ါရီ. ၂၀၀၈


Friday, May 1, 2009

ပင့်ကူများနဲ့နေထိုင်ခြင်း

ကောင်းကင်မှာ ကြယ်တွေ
တပွင့်ပြီးတပွင့် ကျဆုံးချိန်
မြေပြင်ပေါ်က
ရုပ်တုတွေ တဆူပြီးတဆူ
ပြိုလဲကုန်နေတော့
အရူးတွေကို ပူဇော်မယ်
အရက်ဖိုးပေးသူကို လေးစားမယ်
ကိုယ့်မယားကိုယ် ကြည်ညိုမယ်

မှားတက်မိတဲ့ မှတ်တိုင်မှာ
ကားစပယ်ယာက
ကိုယ်ချင်းစာတရားအကြောင်းဆုံးမတယ်
ဖောက်ဖတ်မိတဲ့မေတ္တာတရားမှာ
ထောင့်သန်းပိုးမွှားပါတယ်
ကျေးဇူးတရားဆိုတာတွေနဲ့
အနိုင်ကျင့်ခံရပေါင်းလည်းများလှပါပြီကွယ်

ဒိုင်တွေပြောင်းသွားတယ်
နည်းပြတွေပြောင်းသွားတယ်
ကျောနံပါတ်တွေ ပြောင်းသွားတယ်
အသင်းကတော့ ဒီအသင်းတွေပဲ
ကစားကွက်ကလည်း
ဒီကစားကွက်အတိုင်း

စာမျက်နှာတွေပြန်လှန်တော့
ဟဲဗီးဝိတ်ချန်ပီယံဟာ
မိုက်တိုင်ဆန်တယောက်တည်းမဟုတ်ခဲ့ပါ။ ။


စကားစမြည်
ခုတလော ကွင်းဘေးကထိုင်ငေးရင်း ပွဲဆူအောင် လူချတမ်းကစားပြီး ပယ်နယ်တီရမလားဆိုပြီး ဂိုးဧရိယာထဲ ဟန်ဆောင်လှဲချ တတ်တဲ့ အားကစားသမား(အားအားယားယား ကစားသမား)တွေကို သတိပြုမိရာကစလို့ ဘုရားစင်ကနေ အိမ်သာကြို အိမ်သာကြား ထိပါမကျန် အသိုက်ဖွဲ့ မျိုးပွားတွင်ကျယ်တတ်တဲ့ ပင်ကူတွေ အကြောင်း ရေးထားတဲ့ ကျနော့်ကဗျာလေးတပုဒ်ကို သတိရလာမိပါတယ်။ ၂၀၀၀ခုနှစ်တ၀ိုက်က သပြေတေးမဂဇင်းမှာ ထည့်သွင်းခဲ့ပြီး မြန်မာပြည်စာပေစိစစ်ရေး သားသတ်ရုံမှာ သားလှီးဓားနဲ့ သုတ်သင်ခံ ခဲ့ရတဲ့ ကဗျာတပုဒ်လည်း ဖြစ်တယ်။ ထိုင်းမြန်မာနယ်စပ်မှာ ထုတ်ဝေတဲ့ သစ္စာတော်လှန်ရေး စာပေမဂ္ဂဇင်း (၁၀)အုပ်မြောက်မှာ ကျနော့်ကဗျာကလောင်ခွဲ သန်းဝဏ္ဍနာမည်နဲ့ ပုံနှိပ်ဖော်ပြခဲ့တယ်။ ခု အွန်လိုင်း ကဗျာ ဖတ်သူတွေအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။

စစ်မှန်သော သူရဲကောင်းအပေါင်းကိုလည်း ဒီနေရာကနေ မမေ့မလျော့
ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်။ ကိုယ့်ရင်ဘတ် ကိုယ်စည်တီးပြီး ကုလားမခြေထောက်နဲ့ လမ်းလျှောက်ပြနေတဲ့ ရဲရဲတောက် သူရဲကောင်းကြီး များကိုလည်း ဒီနေရာကနေပဲ မမေ့မလျော့အော်ဟစ်ရယ်မောခြင်းနဲ့ အလေးနီပြုလိုက်ရပါတယ်။

ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေ။ ပိုးစုန်းကြူးတွေ ကြယ်ပွင့်ယောင်ဆောင်နေတဲ့ ညကောင်းကင်အောက် ကလည်း အားလုံးလွတ်မြောက်နိုင်ကြပါစေ။

လေးစားစွာဖြင့်
သစ်ကောင်းအိမ်
(ကဗျာရေးသူ)

Tuesday, April 28, 2009

ပက်ချင်မပြည့်တဲ့လမ်း


အတောင်ပံတွေက
ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်
ကောင်းကင်က
မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်
မီးရထားဘီးတွေက သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်

မလှဲဘူး
လွှင့်တုန်းပါပဲ
အလံလည်း အသံတွေဝင်လို့
စွဲစွဲမြဲမြဲ ၊ ချစ်စိတ်မပြယ်

ကျောင်းပြေးခဲ့တယ်
အိမ်ပြေးခဲ့တယ်
မိန်းမတယောက်ရင်ခွင်ကပြေးခဲ့တယ်
ခုလည်း…တိုင်းပြည်က ပြေးပြန်တယ်

အ၀င်ဆိုးလိုက်တာ……
အ၀င်ဆိုးလိုက်တာ……
အ၀င်ဆိုးလိုက်တာ……

ငရဲမှာ ပြဒါးဖမ်းကြ
ငရဲမှာ အပ်ပျောက်ရှာကြ

တမွန်းတည့်မကတဲ့ခေတ်
တရားသဖြင့်
ပန်းတို့ပွင့်ရန်….

အို! အသင်ဒေ၀ဒတ်

သံသရာအဆက်ဆက်
ခြစ်ရာများ
ချစ်ခဲ့တယ်။ ။

သစ်ကောင်းအိမ်
(၂၀၀၆)



Thursday, April 23, 2009

Charlotte မှာ စပရင်းရာသီ


အတ္တလန္တိတ်ကမ်းစပ်က
Charlotte ဆိုတဲ့အရပ်မှာ
လက်ခမောင်းပဲ ခတ်ရမလား
လက်မောင်းပဲ ပြတ်ထွက်မလား
သနားတယ်

JFK နိုင်ငံတကာလေဆိပ်မှာ
ရေဆာလို့အိမ်သာရေသောက်ဖူးလား
သနားတယ်
သနားတယ်
နယူးယောခ်မော်တယ်လ်တခုရဲ့
ဇိမ်ခံမွေ့ယာနှစ်ထပ်ပေါ်မှာ
ထမင်းအထပ်ထပ် ငတ်ဖူးလား
သနားတယ်
သနားတယ်
IOM အိတ်ကြီး တကိုင်ကိုင်
လူသွားစင်္ကြမှာ
သူတောင်းစားတယောက်လိုထိုင်ရင်း
ဖြတ်သွားဖြတ်လာ
ပေါင်တံရောင်စုံတွေဂွကြားကနေ
ကမ္ဘာကျော်စာအုပ်ဆိုင်ကြီးတဆိုင်ကို
ချောင်းကြည့်ဘူးရဲ့လား
သနားတယ်
ယမ်းထုတ်ထားတဲ့ ကျည်ဆံခွံတခွံ
အနုပညာထုတ်ထားတဲ့ လူခွံတယောက်
လူ့အဖြစ်လေး မဖြစ်စလောက်မှာ
ကိုယ့်ရင်သွေးကိုတောင်
လောကကို အပေါင်ပေးထားရတဲ့ ကျားနာတကောင်
ကော်လံပြာဝတ်စုံတစုံအတွက်
ကျောပိုးအိတ်ထဲ
အမေ့ဓာတ်ပုံနဲ့
အမိမြေရဲ့သဲတဆုပ်ကိုထည့်
အမေရိကားတိုက်ကို ခုန်အုပ်ခဲ့
သြော်…ဒါနဲ့
ငါလား…
အရှေ့တောင်အာရှတနေရာက
ဖဲရှုံးလာတဲ့
အသည်းကွဲသမားခရစ္စတိုဖာကိုလန်ဘတ်စပေါ့
ကျွန်လေယာဉ်ပျံကြီးစီးပြီး
မဟာသမုဒ္ဒရာကြီးတွေဖြတ်ခဲ့တယ်။ ။
သစ်ကောင်းအိမ်
( ၃၁. မေလ. ၂၀၀၈)
Charlotte =မြောက်ကယ်လိုင်းနားပြည်နယ်မြို့တော်
IOM = International Organization for Migration



Saturday, April 18, 2009

ဆောင်းများ


မြောက်ပြန်လေတွေပြန်လာတဲ့နေ့က
ဘယ်သူမှမပို့တဲ့
အီးမေးလိပ်စာကို
ဖွင့်ဖတ်မိတယ်
စစ်ပွဲကြီးတခုပဲစတင်တော့မလိုလို
စစ်ပွဲကြီးတခုပဲပြီးဆုံးသွားခဲ့ပြီလိုလို
လမ်းတွေဟာ ဟာလာဟင်းလင်း
ဓာတ်ကြိုးတန်းတွေက အဝေးမှာနိမ့်ဆင်းသွား
ဘယ်ဆီများလဲ….

မပြောမဆို
တမြေ့မြေ့တိမ်တွေ
ခုချိန်သာဆို
ကန်သုံးဆင့်မြက်ခင်းပြင်ထဲမှာ
မြေ၀ပ်ငှက်ကလေးတွေ
အိမ်ပြန်ချိန်တဲ့
သွေးညှီနံရလို့
ညနေခင်းကိုရှိုက်သွင်းမိတော့
သစ်သားမီးကျွမ်းရနံဟာ
အပြာရောင်သေတမ်းစာ
သိုက်ဆရာရဲ့ကြိမ်လုံးလို
အဝေးကခေါ်သံများ.....
ဘ၀ဟောင်းရဲ့
ရေပြင်အောက်အမှောင်ထုမှာ
သိုက်ကြိုးမဖြတ်ရသေးတဲ့ငမန်းတွေ
လန့်နိုးကူးခတ်ကြ
အိမ်နောက်ဖေးတောအုပ်ထဲက
ချိုးကူသံသဲ့သဲ့ကြားရ၊
တူးပို့ဒိုးသံတွေနဲ့
သပြေခက်တွေနဲ့အမေထိုးတဲ့
အတာရေအိုးလေးကိုလည်း
သတိတရပေါ့
လေထဲ မင်းနာမည်
ငါရေးခဲ့တယ်။ ။
သစ်ကောင်းအိမ်
(၁၆. ဒီဇင်ဘာ. ၂၀၀၆)
ကန်သုံးဆင့်= ပုသိမ်မြို့မှ ကန်ညီနောင်သုံးဖော်


Friday, April 17, 2009

ငါ့ဆံပင်တွေပြန်ရှည်လာပြီ မာရီလင်


နက္ခတ်မကြုံလည်း
မြေသားပေါ်က ငရဲဘုံမှာ
တို့ပြန်ဆုံကြရအောင်....

ကိုယ်ပိုင်အရောင်အဆင်းမရှိတဲ့
ကြယ်အလင်းတွေအောက်မှာ
ပိုးစုန်းကြူးငယ်တွေက
မင်းကိုလှောင်ရယ်နေကြလိမ့်မယ်
ပျောက်ဆုံးသွားတဲ့မီးပြတိုက်တွေအတွက်
ငိုရှိုက်မနေပါနဲ့တောာ့ မာရီလင်
လူ့အဖြစ်သားရဲတွင်းထဲ
လေထီးမပွင့်ဘဲခုန်ဆင်းခဲ့
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ဟာ
မဆုံးတဲ့ညဥ့်နက်တွေကို
လှိုဏ်ခေါင်းတူးဖောက်ထွက်နေတဲ့ မြေကြွက်တကောင်
မရိတ်သိမ်းရသေးတဲ့ ကောက်ရိုင်းပင်တွေအတွက်
နွေဦးကြိုတံစဉ်တလက်
လရောင်အသိုက်မှာ ငှက်နှိုက်ဖို့
ကျောက်တောင်နံရံတွေကို အာခံနေတဲ့
တောင်တက်သမားတယောက်
မဏိမေခလာမရှိတဲ့သက္ကရာဇ်တွေထဲ
အလျားလိုက်လက်ပစ်ကူး
တံခွန်ခူးဖို့
ချောတိုင်တက်ခဲ့တယ်

သစ်ကောင်းအိမ်
(၂၉. ၇. ၂၀၀၈)



Wednesday, April 15, 2009

ခေါစာပစ်ခြင်းများ


ကံကောင်းချင်တော့ လေယာဉ်စီးရ
ကံဆိုးချင်တော့ လေယာဉ်ပျက်ကျ
အဲဒီ့ ဟာသလို လူ့ဘဝ

ကျနော်တို့ရဲ့ ဒုလ္လဘ
ခိုးသားငါးရာနဲ့သေဖော်ညှိရ
အရူးဖုတ်သွင်းရထားဆိုက်ကိန်းနဲ့ကြုံရ

ကျနော်တို့ရဲ့အိပ်မက်က
တစ္ဆေလိုက်တော့ ပြေးမရ
နမ်းမယ့်ဆဲဆဲ လန့်နိုးရ

ကျနော်တို့ရဲ့ရေပွက်က
ဇာတ်ဝင်ခန်းတိုင်း ဗီလိန်တွေပဲ အနိုင်ရ
'ရွှေဘကွ'လို့…..အော်ခွင့်မရ

ကျနော်တို့ရဲ့ဇာတက
မာရ်နတ်မင်းမှာလက်ရုံးပေါင်းတထောင်ရှိရ
ဟင်္သာကိုးသောင်းပျက်ကြရ

မလန်းဘူး
သမိုင်းက ကြွေးစာရင်းပို့နေပြီ။

မလန်းဘူး
မျိုးဆက်က နှိုးစက်မြည်နေပြီ။

မလန်းဘူး
မြစ်က လူခေါ်နေပြီ။

(မေ. ၂၀၀ရ)


Thursday, April 9, 2009

ပိတောက်စိမ်း


ကယ်လီဖိုးနီးယားရဲ့
ပူနွေးသောနေရောင်အောက်မှာ
ပိတောက်နာကျတဲ့နေ့ကပေါ့…..

ရေမပက်တဲ့အပျိုတွေ
အလိပ်ထဲမှာ မုဆိုးဖိုနဲ့ညားနေတယ်
မြနန္ဒာ ရေညိုညိုရစ်ကာသန်းတော့
အလိပ်ထဲမှာ မန်းတောင်ရိပ်ခိုနေတယ်

င၀န်မြစ်ထဲက ရေချိုးပြီးတက်လာတဲ့
ရေစက်လက်နဲ့ နေမ၀င်တံတားကြီးတန်းလမ်းမကြီးပေါ်မှာ
ဂျစ်ကားတစင်းနဲ့ရေပက်ခံထွက်နေတယ်
သင်္ကြန်မဏ္ဍပ်တွေမှာ
သံချပ်တွေလိုက်ကြည့်နေတယ်

ဆူရှီဘားထဲ
အမှတ်(၁)အထကကျောင်းအလံတိုင်မှာ
ခွပ်ဒေါင်းအလံတလူလူလွှင့်နေတယ်
ကိုရွှေသိမ်းမင်းရဲ့ မင်းရဲ့ချစ်ခြင်းမဲ့လူဝတ္တုထဲမှာ
ဆုဝေအတွက် ပိတောက်တွေပွင့်နေတယ်

ခင်သန်းနုက ရွှေခြေကျင်းတွေနဲ့ဝင်းပလို့
စန္ဒယားဆရာလေးကိုငြိမ်းမောင်က
ဆေးပေါ့လိပ်မီးခိုးငွေ့တွေကြားမှာဝေရီလို့
ဆူရှီဘားထဲ
၁၀ကြီမ်မြောက် သင်္ကြန်မိုးရုပ်ရှင်ကြည့်နေတယ်

လောကကိုထိုးပက်ဖို့
သားလက်က ရေပြွတ်ကလေး
ရေစုပ်ပေးနေတယ်
အမေ့ကိုလည်း
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပေးနေတယ်

ဆူရှီဘားထဲ
ပြည်လှဖေက
ကိုယ်တိုင်လှရာရာရွေးလို့ရယ်
ပန်မပေးရ ဆံမြညှာကေနေတယ်
ကယောမလေးက
ဂစ်တာတီးပြီး ကိုယ့်ကိုသီချင်းတွေ ဆိုပြနေတယ်

ခုလိုနှစ်သစ်ကူးအခါသမယမှာ
ဂျီ-၂၀ အစည်းအဝေးကို
နားစွင့်နေတယ်
မြန်မာ့အရေးစောင့်ကြည့်လေ့လာသူတွေကိုလည်း
ပြန်ပြီးစောင့်ကြည့်လေ့လာနေမိတယ်

ကယ်လီဖိုးနီယားရဲ့ပူနွေးတဲ့နေရောင်အောက်မှာ
ပိတောက်နာကျတဲ့နေ့ကပေါ့
ဆူရှီဘားထဲ
ဓားတလက်နဲ့ရေပက်တမ်းကစားရင်း

အတာရေမစိုမှာစိုးလို့
ရေချိုးခန်းထဲဝင်ပြီး
ကိုယ့်ကိုယ်ကို ရေလောင်းချိုးနေမိတယ်။ ။

(၈. ဧပရယ်လ. ၂၀၀၉)



Friday, April 3, 2009

ကမာပုလဲနှင့် ဂျီတော့ပေါ်မှာ စကားပြောခြင်း



တကယ်တော့
ပစ်စရာဆိုလို့ကျည်ဆံတတောင့်မှ
မကျန်တော့တဲ့နေ့မှာ
ကိုယ့်အပေါ်ကျရောက်လာမယ့်စီရင်ချက်တရပ်ကိုပဲ
သေသေသပ်သပ်စောင့်ကြည်နေရုံသာ

အီိရတ်က စစ်တပ်တွေ
ရုတ်မယ် ရုတ်မယ်နဲ့ တကယ်မရုတ်ဖြစ်သေးဘူး
ငါ့ဘ၀ထဲ မင်းဆုတ်ခွာသွားပုံကတော့
တကယ့်ကို မြန်မြန်ဆန်ဆန်

ကမာပုလဲ…
ကမာပုလဲ……တဲ့

အွန်လိုင်းပေါ်မှာ
ကဗျာဆရာကမာပုလဲက အော်ပြောတယ်
မင်းက အမေရိကန်သမ္မတတွေထက်
ပိုရက်စက်တဲ့မိန်းမ…..

ဘဂ္ဂဒက်မြို့ပျက်ကြီးတောင်
ငါ့နှလုံးသားလောင်ကျွမ်းမှုရဲ့
အပျက်စီးအဆုးံအရှုံးတွေကို
လိုက်မမီတော့ပါဘူးကွာတဲ့

ဘာရယ်မဟုတ်ပါဘူး
လေတိုးသွားလို့
ငါ့ခန်းစီးစတွေ လှုပ်ခါကျန်ရစ်တာပါ

ဘာရယ်မဟုတ်ပါဘူး
နေ့ခင်းကြောင်တောင်ကြီး
ပန်းတပွင့်နဲ့ ခလုတ်တိုက်လဲမိတာပါ

ဘာရယ်မဟုတ်ပါဘူး
ရေပြောင်းမြေပြောင်းမို့
ဖျားချင်နာချင်ဖြစ်မိတာပါ

ပန်းပဲဖိုထဲက ပေတုံးဘ၀ရောက်သွားတဲ့
သံလမ်းဟောင်းလေးတခုလို
လူခြေတိတ်ချိန်ညရောက်တိုင်း
ဟိုး အဝေးက မီးရထားဥသြသံတွေများလား…
ယောင်ယမ်းထထကြည့်တတ်တာကလွဲလို့
ဘာရယ်မဟုတ်ပါဘူး ။ ။

(၃၀၊ မတ်လ၊ ၂၀၀၉)


Wednesday, March 11, 2009

သက်ကယ်ရိတ်ဖို့သွားခဲ့တယ်


ယုန်အဖြစ်ကလည်း ယုံစရာမကောင်းဘူး
ကျားအဖြစ်ကလည်း ကြားလို့မကောင်းဘူး

တကမ်းလုံးကန်းနေတဲ့ အလင်းကန်းထဲ
အလင်းနို့မစို့ရလို့
လင်းနို့အဖြစ်နဲ့သာကျေနပ်နေရ

ညပြက်ကြီး…..


တောတိုးသွားတဲ့ကြောင်
တောကြောင်ပြန်ဖြစ်ခဲ့

မနက်ဖြန်ဆို
ဒလဘက်ကမ်းက
လဒတွေပျံသန်းလာတော့မယ်။ ။

(၁၁ရက် ၊ မတ်လ၊ ၂၀၀၉)

(ညပျက်မဟုတ်ပါ ညပြက်နဲ့ပြက်ထားတာပါ)


Tuesday, March 10, 2009

ပိတောက်တွေဖွင့်မယ့်သော့


အဲဒီနှင်းဆီဟာ ပန်းအိုးထဲ
ထိုးစိုက်ထားတဲ့နှင်းဆီမဟုတ်
သော့ခလောက်တလုံးထဲ
နှစ်ရှည်လများ စိုက်ပျိုးထားတဲ့နှင်းဆီ
သူ့ဆူးရိုးတွေနဲ့ အဲဒီ့သော့ခလောက်ကိုထိုးဖွင့်
ပွင့်လင်းလူ့ဘောင်
အောင်ဆန်းစုကြည်
အာဇာနည်
ငါတို့ခေတ်ကိုရောက်ရမည်။ ။

(၁၀ရက် ၊ မတ်လ ၊ ၂၀၀၉)

Saturday, March 7, 2009

ရင်ခွင်ပိုက်ကောင်းကင်


မင်းနဲ့အတူ
အဆုတ်တခုထဲ သိမ်းကျုံးထည့်ထားပေါ့
လေထုတစ်ခုလုံးရှိတယ်။

မင်းနဲ့အတူ
နံရံကပ် ဗီရိုတစ်လုံးထဲမှာ
ကောင်းကင်သက်သတ်လွတ်စားလို့
နတ်ဖွက်ထားတဲ့ ကြယ်စင်တွေ ရှိတယ်။

မင်းနဲ့အတူ
ကိတ်မုန့်ဖိုတစ်ခုထဲမှာ
ပျောက်ဆုံးသွားတဲ့ ဂျုံခင်းတွေရှိတယ်။

ကမ္ဘာမြေရဲ့ ဧည့်ခန်းထဲ
ငလျင်တစ်ခုက ထမ်းခေါ်လာခဲ့
မိဘမဲ့တောင်တန်းတွေ လမ်းဖယ်ပေးလိုက်ပေါ့
နဂါးပေါက်ခံလိုက်ရတဲ့ မြေကွက်ကလေးတွေ အဆိပ်တက်
လယ်ကွင်းပြင်တွေရှိရာဘက်ကို ထွက်ပြေးလာနေရဲ့။

ဘတ်သီးတွေ
လင်းလာလိုက် မှိတ်သွားလိုက်
မိုတယ်လ် တံခါးတွေ
ပွင့်လာလိုက် ပိတ်သွားလိုက်
ပန်းခြုံအောက်က ခပ်အုပ်အုပ်ရယ်သံတွေ
ဝင်လာလိုက် ထွက်သွားလိုက်
ညစာစားပွဲတွေ သိမ်းဆည်းလိုက် ခင်းကျင်းလိုက်နဲ့
ပြက္ခဒိန်တွေသာ တစ်ရွက်ပြီး တစ်ရွက်
အသက်ကြီးပု ဖြစ်သွားခဲ့။

သူငယ်ပြန်နေတဲ့ နာရီတလုံးကတော့
လှလှပပ အိပ်မွေ့ချ နေဦးမှာပဲ
စီးကြောင်းလား
ချောင်းကောလား
ဒီလိုနဲ့ စဉ်းစားရင်း
ပြူတွင်းဝမှာ လာရပ်နေတဲ့
လေဖိအားနည်း ရပ်ဝန်းတစ်ခု
မသိကျိုးကျွန်ပြုလို့
ဗြူတီပါလာထဲက လေချွန်ပြီးထွက်လာတဲ့မြို့ကြီး
စီးမျောအား ကောင်းဆဲ။ ။

(၁၉၉၄)

အန်အယ်ဒီက တော်လှန်ရေးနေ့အမှတ်တရထုတ်တဲ့ ကဗျာစာအုပ်ထဲမှာရေးခဲ့တာ




Friday, March 6, 2009

ကေခိုင်မရှိတဲ့ကမ္ဘာ


ခြေသံပြင်းပြင်းတွေနဲ့
မင်းနင်းထွက်သွားတဲ့ ငါ့ကြမ်းပြင်ပေါ်မှာ
တစက္ကန့်ဟာ တကမ္ဘာ
ရေပွက်ပမာဟာ
သံသရာလို ပွက်လို့ကွာ
ရှည်ကြာလွန်းလိုက်တာ


မင်းမရှိတဲ့ကမ္ဘာ
သစ်တောတွေ ပြုန်းတီးလို့
တောမီးတွေ လောင်လို့
စီးပွားပျက်ကပ်တွေ ဆိုက်လို့
သင်္ကန်းကိုစစ်ဖိနပ်နဲ့နင်းပြီး
ဘုရားကိုထီးတော်တွေ တင်လို့

တတိယကမ္ဘာရှိတယ်
တတိယနိုင်ငံရှိတယ်
တတိယအုပ်စုရှိတယ်
မင်းကျ ဘာလို့ မရှိတော့တာလဲ

မင်းမရှိတဲ့ကမ္ဘာ
ကဗျာနဲ့အသေခံဗုံးဖောက်ခွဲရေးသမားဟာ
ငါဖြစ်တယ်

မင်းမရှိတဲ့ကမ္ဘာ
ဖြုန်းစရာမိဘအမွေကလည်းမရှိတော့
ရှိသမျှအချိန်တွေကိုထိုင်ဖြုန်းရင်း
ရောက်လာတဲ့နေ့တွေကိုကျောမှီ
၂၃ နှစ်ပိုင်းတပိုင်းဒီဂရီပေါ် ထပ်မံတိမ်းစောင်းကာ

အဝေးပြောဖုန်းထဲမှာ ရှိုက်သံသဲ့သဲ့
မင်းရော ငါပါ ငိုနေမိခဲ့သလား

အသူရကာယ်ဘုံတဲ့..
မင်းမရှိတော့မှ ယုံမိတယ်။

(၆၊ မတ်လ၊ ၂၀၀၉)


Thursday, March 5, 2009

ဆူရှီသမားလိပ်တဲ့ကဗျာ(၂)


အီရတ်မှာ
သမ္မတကြီးဘုရှ်
ဖိပ်နပ်ပေါက်ခံရတုံးကလည်း လိပ်ခဲ့တယ်
ဝါရှင်တန်ဒီစီမှာ ဘားရက်အိုဘားမားနဲ့
ဒေါ်မေငြိမ်းဓာတ်ပုံတွဲရိုက်တော့လည်း
လိပ်ခဲ့တယ်


လိပ်ခဲ့တယ်
မြောက်ကယ်လိုရိုင်းနားမှာ လိပ်ခဲ့တယ်
ဝက်စ်ဗာဂျီးနီးယားမှာ လိပ်ခဲ့တယ်
ကယ်လီဖိုးနီးယားမှာ လိပ်ခဲ့တယ်

လိပ်တယ်
ပက်လက်လှန်ထားတဲ့လိပ်တကောင်လို
ယက်ကန်ယက်ကန် လိပ်တယ်

လိပ်တယ်
ဇက်ကြိုးဆောင့်ဆွဲခံရတဲ့ မြင်းတကောင်လို
ပတပ်ရပ်ပြီးလိပ်တယ်

လိပ်တယ်
ငါးပိသွားကိုင်မိတဲ့မျောက်တကောင်လို
ပျာယာခတ်တောက်လောင်ပြီး လိပ်တယ်

အလိပ်ထဲ လိပ်စာတွေပျောက်နေတယ်
အလိပ်ထဲ တောတွေမှောက်နေတယ်

လိပ်တယ်
မိုင်ပေါင်းသောင်းချီဝေးတဲ့အဝေး
ဖုန်းထဲက သားလေးပေးတဲ့မွှေးမွှေးကို
လိပ်တယ်
ကောင်မလေးအေးရဲ့
ညာနားရွက်နောက်ကအသားပိုလေးကို
လိပ်တယ်
ပွဲလန့်ချိန် ဖျာလိပ်ထမ်းစောင့်နေတဲ့
ငနဲတွေကိုလိပ်တယ်
မျက်နှာဖြူတွေတိုင်းပြည်မှာ
မျက်ဖြူလန်ပြီးလိပ်တယ်

မိုးလင်းထဲကစဉ်းစားမိတာလိပ်ဖို့ပါပဲ
လိပ်မှာပဲ လိပ်မှာပဲ
ငါ့ကိုလာလာမတားနဲ့....
အဲလက်စ်ရဲ့စားမှာပဲ..သီချင်းကို ကော်ပီလုပ်ဆိုရင်း
လိပ်တယ်

ဘယ်လျှောက်လည်နေသလဲ
လိုက်ရှာတော့
ခွေးအိုကြီးတကောင်ရဲ့ခြေရင်းမှာ
ဝပ်ဆင်းနေတဲ့ဝဋ်ကို လိပ်တယ်

အလိပ်ထဲ လိပ်ဝင်နေတဲ့နေ့ညတွေ
အလိပ်ထဲ လိမ့်ဆင်းနေတဲ့သွေးချွေးတွေ

ဝရုန်းသုန်းကားထိုးရပ်နေတဲ့
ယန္တရားအိုကြီးတလုံးထဲ
အရစ်ပြုန်းတဲ့အထိ
လည်ပင်းညှစ်ခံရတော့မယ့်ဝက်အူတလုံး
ငါ့မှာ မအိပ်ခင်လိပ်ရဦးမယ့်ခရီးတွေနဲ့

ငွေတန်းစစ်မျက်နှာ တနေရာမှာ
ရွပ်ရွပ်ချွံချွံငါလိပ်ခဲ့ပါတယ်။ ။

(၄ရက် ၊ ဖေဖော်ဝါရီ၊ ၂၀၀၉)




Wednesday, March 4, 2009

ဆူရှီသမားလိပ်တဲ့ကဗျာ


မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ


ရှင့်သတင်းနားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ်.
...ကိုကိုရေ

ခင်ဗျားရေးတာတွေကို
လူတွေနားမလည်ဘူး
(အင်းပါ….)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်

ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်

ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့

ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့ရက်
ချိုမြိန်လှချေရဲ့

ပြီးပါပြီ………..လို့
ဘယ်သူတွေစာတန်းထိုးထိုး
အရိုးတွန်သံတွေမဆုံးဘူး
ကိုယ့်လူတို့

( ၃ရက် ။ မတ်လ။ ၂၀၀၉)


Sunday, March 1, 2009

အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်


လောက
အမှိုက်သရိုက်
အန်ဖတ်
ဒိုက်သရောတွေကို တိုက်စား
ဟိုး…ရေပြင်နက်နက်ဆီယူဆောင်သွားဖို့
မိုးမည်းမည်းတွေ
သည်းသည်းမဲမဲရွာစမ်းပါ

ပြည်သူလက်မဲ့အစိုးရ
နပုန်းပဏ္ဍုက်၊ ဘိန်းပွဲစား၊ ရိုဟင်ဂျာ
အားလုံးသတင်းဖြစ်နေတဲ့ခေတ်ကြီးမှာ
ငါမင်းကိုချစ်တာရော သတင်းမဖြစ်သင့်ဘူးလား

အရွယ်သုံးပါးမရွေးမိတတ်တဲ့ မိုးထဲ
မကြီးမငယ်နဲ့မိုးတွေ မိ….မိနေတယ်

လိင်တူအခွင့်အရေးကျွမ်းကျင်သူတွေတောင်
သူတို့မှာ လွတ်လပ်ခွင့်တွေရှိတယ်....ဆိုလေတော့
ဣထိယမှော်ဝင်သူရယ်လို့တော့
ငါ့ကို မပြစ်မှားသင့်ဘူးပေါ့ကွာ

အညှာကပဲလွယ်တာလား
အသည်းကပဲငယ်တာလား
တကယ်က…..
လေယာဉ်အချက်ပေးဥသြတွေဆွဲလို့
ဗုံးခိုကျင်းထဲ ခုန်ချမိတာပါ

ဒီကဗျာနဲ့
ငါ့ကိုယ်ငါ သက်ပျောက်ဆွမ်းသွတ်ခဲ့တယ်။ ။

(၂၈၊ ဖေဖော်ဝါရီ၊ ၂၀၀၉)



Saturday, February 28, 2009

အမိုးသမီးလေးက ငါ့ကိုမိုးထားတယ်


သို့
သူငယ်ချင်းလေး ကိုမြတ်ကို
တက္ကဆက်မှာ
ပန်းခူးတော့မယ်ကြားတာပဲ
ပန်းခူးမယ်ဆိုလည်း ကြည့်ကျက်တော့ခူး
ဟိုသတ္တ၀ါပန်းသွားတဲ့ပန်းဆို
လွမ်းစရာတွေဖြစ်နေဦးမယ် ကိုယ့်လူရာ


စိတ်မကောင်းစရာပါ
ကျနော့အမကြီးတယောက်တော့
မနက်မနက်ဆို
မဲဆောက်က ထုံထောင်းရပ်ကွက်ထဲ
ပတ်ပတ်ပြေးနေတယ်....ဆိုလား
ကြားတယ်

အမေရိကားစီးပွားပျက်ကပ်မှာ
အမေရိကားကိုလာကပ်ရလို့လည်း
ဝမ်းနည်းမနေပါနဲ့
အဝေးရောက်အမတ်မင်းတွေတောင်
လစာမရကြတော့ဘူးဆိုဘဲ

အိပ်မက်ညှိုးတွေနဲ့ တရေးလန့်အနိုး
ကိုယ့်ကိုစိုစွတ်ပေးဖူးတဲ့
အဝေးကမိုးပြေးလေးတဖြိုက်ကိုလည်း
တမ်းတတတ တမ်းတမိ
အမိုးသမီးလေးက
ငါ့ကို လာလာမိုးနေတယ်

လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်
လက်မှတ်ထိုးတဲ့လက်ကို မြို့ကဖြတ်လိမ့်မယ်

၂၀၁၀မှာလည်း ညာပါ
၂၀၂၀ရောက်လည်း ငါတို့ကိုညာပါ
အညာခံဖို့
ငါတို့မှာ အညှာတွေခိုင်ပါသေးတယ်

ဒေါက်တာလွဏ်းတော့
ယောင်ရမ်းတယ်
တက္ကသိုလ်မှာ ဝေတဲ့နှင်းရေ
ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာတဲ့

အမိုးသမီးလေးက ငါ့ကိုမိုးထားပေါ့။ ။

(၂၃။ ဖေဖော်ဝါရီ။ ၂၀၀၉)

လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကို ဖျက်တယ် (ဝေလနယ်သားကဗျာဆရာ ဒိုင်လန်တောမတ်၏ ကဗျာခေါင်းစဉ်)


Sunday, February 22, 2009

ခင်ခင်ပျိုရေ ... ညနေခင်းဆို လေတွေပြို


တောမီးလောင်နေချိန်မှာ
တောကြောင်တွေ လမ်းသလားနေတာ
ဆန်းသလားမေပျိုရယ် ...

ဗိုလ်အောင်ကျော်လမ်း
ဆဲဗဲင်းလက်ဖက်ရည်ဆိုင်မှာ
ငူငူငိုင်ငိုင်နဲ့
ကိုအောင်ချိမ့်တယောက်တော့
ခင်ခင်ပျိုကို စောင့်နေရှာသတဲ့။

၃၃ လမ်းရေ ...
၃၃ ဘ၀မက ငါလွမ်းဆွတ်မိပါရဲ့။

ခုချိန်ဆို
၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ
စာငှက်ကလေးတွေ
အိပ်တန်းတက်နေရှာရော့မယ်။

ဒီမယ် ကိုလှသန်း
ငါတို့အောင်မြင်မှုဟာ
ညနေခင်းအရက်ဝိုင်း
အဲဒီအရက်ဝိုင်းမှာ
အရက်တပိုင်းတော့ လပ်ဟာနေမှာပဲ။

အဲဒီခွက်ကို
ကျနော်သောက်မယ် ။ ။

သစ်ကောင်းအိမ်
(၂၀၊ ဖေဖော်ဝါရီ၊ ၂၀၀၉)

Thursday, February 19, 2009

အပျင်းပြေဆိုပြီး မောင်လွမ်းဏီကို သတိတရ


စားကျက်ထဲ
အုပ်စုလိုက်သင်းကွဲနေတဲ့
သိုးအုပ်တွေကြားတရွေ့ရွေ့
နေ့များ
ညတွေက ဆင်ခြေအမှားတွေနဲ့ညားလို့

အပျင်းပြေဆိုပြီး
တနေ့နေ့
တနေရာရာက
မိုးကုပ်စက်ဝိုင်းဆီကို
မှန်းဆ
စက္ကူနဲ့လေယာဉ်ရုပ်ချိုးကြ

အပျင်းပြေဆိုပြီး
သက်ကယ်မိုး၊ ၀ါးထရံကြား
အလှမွေးထားတဲ့ငါးလေးတွေ
စုန်ချီဆန်ချီ


အပျင်းပြေဆိုပြီး
လူစုကြ
ဘောလုံးကန်ကြ၊ ခြင်းခတ်ကြ
အထိမ်းအမှတ်နေ့ တက်ရောက်ကြ
မိန့်ခွန်းပြောကြ

အပျင်းပြေဆိုပြီး
ရည်းစားထားကြ၊ လမ်းသလားကြ
ရေဒီယို နားထောင်ကြ
နိုင်ငံရေးစာပေ လိုက်စားကြ
နာမည် အလွတ်ကျက်ကြ

တကိုယ်လုံး အစားခံရဖို့
တဘ၀လုံး အသားတိုးပေးခဲ့ရ
ဝက်တကောင်ရဲ့ဘဝ
လူကိုယ်တိုင်က လူ့အခွင့်အရေးစာအုပ်တွေ
ပြန်ဖတ်နေရ

အပျင်းပြေဆိုပြီး
ရွာပုန်းကြ၊ ရွာရှောင်ကြ
ခြေပြတ်ကြ၊ လက်ပြတ်ကြ
အဖေမဲ့ကြ၊ သားပျောက်ကြ
တောရောက်ကြ၊ တောင်ရောက်ကြ

ရယ်ရတယ်နော်
မောတော့ရယ်တယ်
ရယ်တော့ မမောတော့ဘူး
မောမောရယ်ရယ်ပေါ့ဗျာ

သေနတ်တလက်ရဲ့အဓိပ္ပာယ်ကတော့
မောင်းခလုတ်ကိုဖြုတ်တဲ့
လက်ညှိုးတချောင်းနဲ့သာ သက်ဆိုင်ခဲ့ပါတယ်။ ။

(၁၂၊ ဒီဇင်ဘာ ၊ ၂၀၀၆)


Monday, February 16, 2009

အိုင်ပက်သူ


စပါးကြီးမြွေတကောင်ဟာ
ငါဖြစ်တယ်


သံသရာရဲ့သုံ့ပန်း
သံတိုင်မဲ့အကျဉ်းခန်းထဲ
နှာသီးဖျားက ပခြုပ်ထဲဝင်ခွေ
စိတ်ကို အဆိပ်ဖြေထားမိတယ်။

(၁.မေလ၊ ၂၀၀၈)
(မနှစ်က အဖေ့မွေးနေ့မှာရေးဖြစ်တာပါ)



Friday, February 13, 2009

ဝဏ္ဏပဘာ

ကိုယ့်သင်းရနံ့လေးကြောင့်ပဲ
ငါ့မနက်ခင်းတွေမှာ
ကျေးငှက်ကလေးတွေ ပြန်နိုးလာ
ပန်းကလေးတွေပြန်ပွင့်လာ


ကိုယ့်သင်းရနံလေးကြောင့်ပဲ
င့ါမြက်ခင်းပေါ်မှာ
ယုန်ကလေးတွေ ပြန်ရောက်လာ
တိမ်ပြာသောနေ့တွေ ပြန်ရောက်လာ

ကိုယ့်သင်းရနံလေးကြောင့်ပဲ
ငါ့ညနေခင်းတွေမှာ
စံပယ်ပွင့်တွေ ပြန်မွှေးလာ
စမ်းချောင်းလေးတွေ ပြန်စီးလာ

အဲဒီ့ ကိုယ့်သင်းရနံလေးကြောင့်ပါပဲ
ညီမလေးရယ်
မင်းပါးပြင်ပေါ်က ပါးကွက်ကလေးဘ၀နဲ့ပဲ
သံသရာအဆက်ဆက်
မကျွတ်မလွတ်ပါရစေနဲ့လား.......

သစ်ကောင်းအိမ်
(၂၀၀၅)


ဒီတခါနက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင်....ဒေလီယာ


ပြန်သောက်မိတဲ့စီးကရက်တွေကလည်း
ငယ်ငယ်တုန်းက
စီးကရက်တွေမဟုတ်တော့ဘူး


ပြန်ထိုင်မိတဲ့ လက်ဘက်ရည်ဆိုင်တွေကလည်း
ငယ်ငယ်တုန်းက
လက်ဘက်ရည်ဆိုင်တွေမဟုတ်တော့ဘူး

ပြန်နားထောင်မိတဲ့သီချင်းတွေကလည်း
ငယ်ငယ်တုန်းက
သီချင်းတွေမဟုတ်တော့ဘူး

ပြန်ပေါင်းမိတဲ့သူငယ်ချင်းတွေကလည်း
ငယ်ငယ်တုန်းက
သူငယ်ချင်းတွေမဟုတ်တော့ဘူး

ပြန်ရောက်ခဲ့တဲ့ငါမြို့လေးဟာလည်း
ငယ်ငယ်တုန်းက ငါ့မြို့လေးမဟုတ်တော့ဘူး

ငယ်ငယ်က"မာရီလင်မွန်ရိုး.." ကတော့
"မာရီလင်မွန်ရိုး...." အတိုင်း လှပဆဲ

တို့အတူလွှတ်ဖူးတဲ့စက္ကူလှေလေးတွေက
စမ်းချောင်းလေးအတိုင်းမျောပါဆဲ

တို့ကျောင်းရှေ့လမ်းမှာ
စိန်ပန်းပွင့်တွေကလည်း
ငယ်ငယ်တုန်းကလို ကြွေဆဲပဲ

နှင်းဆီလိုချိုအီတဲ့ မင်းကိုယ်သင်းရနံတွေက
နှစ်နှစ်ဆယ်ကျော်ကာလကိုဖြတ်သန်း
သောင်ရင်းမြစ်တဖက်ကမ်းထိမွှေးပျံဆဲ

ပ၀ါတကမ်းလက်တလှမ်း
နေ့စွဲတွေဟာလည်း
တို့နှစ်ယောက်ကြားမှာ
အရင်ကအတိုင်းရှိနေဆဲ

မဖြောင့်တန်းတဲ့
ငါလျှောက်နေကျလမ်းတွေလို
တို့သူငယ်ချင်း" င၀န်" ဟာလည်း
ကွေ့ကောက်ဆဲ

ငြိမ်းချမ်းပါစေ "ဒေလီယာ.."
ငြိမ်းချမ်းပါစေ ကမ္ဘာမြေကြီး
ငြိမ်းချမ်းပါစေ ကိုယ့်ရဲ့အလွမ်းများ

ရေစီးကြမ်းတဲ့မြစ်ကိုဆန်လို့
လူသားရဲ့ဝိညာဉ်မွန်ဟာ
ခေတ်တွေကို
အချစ်တွေနဲ့ထမ်းပိုးသယ်ဆောင်လို့ပါလား

အရှေ့ဆီမှာ
ရောင်နီလာတော့မယ် "ဒေလီယာ…"။ ။

သစ်ကောင်းအိမ်
(ဒီဇင်ဘာ၊ ၂၀၀၅)

Sunday, January 4, 2009

မင်္ဂလာပါနှစ်သစ်


နံနက်လင်းတော့
ရေပုပ်မြောင်းထဲ
ကွန်ဒုံးအဟောင်းလို
ပေါလောမျောလို့။

ပြီးခဲ့တဲ့နှစ်က
ဆဒမ်ဟူစိန်ကို ကြိုးမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို ကြိုးမပေးနိုင်သေးဘူး
ငွေကြာရံမှာ သွေးပွက်ပွက်လျှံခဲ့တယ်
ငမိုးရိပ်ချောင်းမှာ
သံဃာတော်ရုပ်အလောင်းတွေ
မျောခဲ့တယ်။

တိရိစ္ဆာန်ရုံထဲက
တောရိုင်းသတ္တ၀ါတွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးချင်တယ်
လူ့တိရိစ္ဆာန်တွေကို ခြံခတ်ပြီး ပြပွဲလုပ်မယ်။

မပြီးသေးဘူး
လမ်းပေါ်က
လိင်တူအခွင့်အရေး ချီတက်ပွဲတွေ
မပြီးသေးဘူး
အီရတ်စစ်ပွဲ မပြီးသေးဘူး
ရွှေဝါရောင်တော်လှန်ရေး မပြီးသေးဘူး
ပိရမစ်ကပြီးပြီ
ဆေးစီရင်လို့မပြီးသေးဘူး။

ဆိုဟာတို ရှောသွားတာ အကြောင်းမဟုတ်ဘူး
ငါတို့ရှင်သန်နေတာက ပြဿနာ။

အနာမျိုး ၉၆ ပါး မကပေမယ့်
နာရေးကြော်ငြာက ၉၆ပါးသာဆံ့ခဲ့။

အနှစ်မဲ့နှစ်တွေထဲ နှစ်ခဲ့
နှစ်များ
မနှစ်ကနဲ့လည်း မတူခဲ့
မနှစ်ကနဲ့လည်း တူခဲ့။

အသေခံဖောက်ခွဲရေးသမားရဲ့
ဂျာကင်အောက်က
အမောဖောက်နေတဲ့
ဗုံးတစ်လုံးရဲ့ ဒုလ္လဘမှာ
ခင်ဗျားနဲ့ ကျွန်တော်ဆုံခဲ့ကြတာ
ဝမ်းသာမဆုံး ဖြစ်ရတယ်။ ။

သစ်ကောင်းအိမ်
(၁-၂-၂၀၀၈ မှာ အဆုံးသတ်ဖြစ်တယ်)

[ မူရင်း - http://drlunswe.blogspot.com/ ]