Monday, March 14, 2011

ကမ္ဘာနဲ့ငါရဲ့ဒုက္ခများ

မြန်မာပြည်မှာ ကြပ်ပြေး ကဒါဖီကြောက်ရ
ထိုင်းရောက်တော့ ထိုင်းရဲကြောက်ရ
ဒေါက်တာလွဏ်းဘလော့ဝင်တော့
ဆောင်းပါးရှင်အက်ဆစ်ကြောက်ရ
နယူးယောက်ရောက်ပြန်တော့
အသေခံလေယာဉ်ပျံကြီးတွေကြောက်ရ
တို့သာကီနွယ်မျိုးတွေရဲ့ထိုးဇာတ်မှာ
မနှစ်က သင်္ကြန်မဏ္ဍပ်ဗုံးပေါက်တော့
ငိုယိုကြ ရင်ထုကြ
ရန်တွေ့ကြ ဒေါသထွက်ကြ
မတရားစွပ်စွဲခံ ဗုံးခွဲတရားခံတွေကို ထောင်ချတော့
လင်မယားဖက်အိပ်မပျက်ကြ

နောက်ကျခဲ့ပြီ
ကဗျာဆရာလုပ်မယ်ကြံ
ကဗျာက သေပြီဆရာဆိုတော့
ဒီဘဝမှာ ကဗျာဆရာဖြစ်ဖို့လည်း နောက်ကျခဲ့ပြီ

နောက်ကျခဲ့ပြီ
ဘဏ်ဓားပြလုပ်မယ်ကြံ
ဘဏ်တိုက်ကြီးတွေက ဗိုက်ဟောင်းလောင်းဆိုတော့
ဒီဘဝမှာ ဘဏ်ဓားပြဖြစ်ဖို့လည်း နောက်ကျခဲ့ပြီ

ကြားရတဲ့သတင်းတွေမကောင်းဘူး
မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းဖြင့်
သေခြင်းတရားကိုလက်ဦးမှုယူရန်
ဂျုံခင်းထဲ တောကျီးကန်းတွေလန့်ပျံသွားခိုက်
မစောတော့ဘူး ကိုခင်အောင်အေး
ဒါပေမဲ့
ဗန်ဂိုးကို မနှိုးနဲ့တော့……….


၀၃.၁၄.၂၀၁၁

Friday, March 11, 2011

ပျော်ပျော်ရွှင်ရွှင် ဝေဟင်ထဲ

မနက်ပြတင်းကို ဆူနာမီသတင်းက တွန်းဖွင့်ဝင်လာ
ဘာလိုသေးလဲ ဒီတနေ့တာ
တောင်မင်းကရေနစ်ပြီး မြောက်မင်းကိုမိုးကြိုးပစ်နေတဲ့
လူသားကမ္ဘာမှာ ဒီတနေ့တာ
ဆုပ်ကပ်ပဲ စုတ်သပ်ရုံမှတပါး လူသားကမ္ဘာမှာ ဒီတနေ့တာ ...
ကိုယ့်ရှင်ကျန်မှုဟာ ဝမ်းမြောက်ဖွယ်လား သွေးပျက်ဖွယ်လား
လူသားကမ္ဘာမှာ ဒီတနေ့တာ
ပဒေသာပင်ပျောက်တာပဲ ကြားဖူးပြီး
ပဒေသာပင်ပေါက်တာ မမြင်ဖူးတဲ့
လူသားကမ္ဘာမှာ ဒီတနေ့တာ
ဘာလိုသေးလဲ ဒီတနေ့တာ

၈.၈ မဂ္ဂါစကေးငလျင်နဲ့
မိသားစုကော်ဖီဝိုင်းကို စတင်
သောက်စရာခေါင်းစဉ် ရပြီ
ရေးစရာကဗျာ ရပြီ
လွှင့်စရာသတင်း ရပြီ
ဘလော့မှာ ပို့စ်အသစ်တင်စရာ ရပြီ
မျက်နှာစာအုပ် ကိုယ်စီမှာ
သင်တို့ကိုယ်ချင်းစာတရားနဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာများကိုလည်း
ကြော်ငြာလို့ရပါပြီ။ ။



(၀၃. ၁၁. ၂၀၁၁)