Thursday, March 5, 2009

ဆူရှီသမားလိပ်တဲ့ကဗျာ(၂)


အီရတ်မှာ
သမ္မတကြီးဘုရှ်
ဖိပ်နပ်ပေါက်ခံရတုံးကလည်း လိပ်ခဲ့တယ်
ဝါရှင်တန်ဒီစီမှာ ဘားရက်အိုဘားမားနဲ့
ဒေါ်မေငြိမ်းဓာတ်ပုံတွဲရိုက်တော့လည်း
လိပ်ခဲ့တယ်


လိပ်ခဲ့တယ်
မြောက်ကယ်လိုရိုင်းနားမှာ လိပ်ခဲ့တယ်
ဝက်စ်ဗာဂျီးနီးယားမှာ လိပ်ခဲ့တယ်
ကယ်လီဖိုးနီးယားမှာ လိပ်ခဲ့တယ်

လိပ်တယ်
ပက်လက်လှန်ထားတဲ့လိပ်တကောင်လို
ယက်ကန်ယက်ကန် လိပ်တယ်

လိပ်တယ်
ဇက်ကြိုးဆောင့်ဆွဲခံရတဲ့ မြင်းတကောင်လို
ပတပ်ရပ်ပြီးလိပ်တယ်

လိပ်တယ်
ငါးပိသွားကိုင်မိတဲ့မျောက်တကောင်လို
ပျာယာခတ်တောက်လောင်ပြီး လိပ်တယ်

အလိပ်ထဲ လိပ်စာတွေပျောက်နေတယ်
အလိပ်ထဲ တောတွေမှောက်နေတယ်

လိပ်တယ်
မိုင်ပေါင်းသောင်းချီဝေးတဲ့အဝေး
ဖုန်းထဲက သားလေးပေးတဲ့မွှေးမွှေးကို
လိပ်တယ်
ကောင်မလေးအေးရဲ့
ညာနားရွက်နောက်ကအသားပိုလေးကို
လိပ်တယ်
ပွဲလန့်ချိန် ဖျာလိပ်ထမ်းစောင့်နေတဲ့
ငနဲတွေကိုလိပ်တယ်
မျက်နှာဖြူတွေတိုင်းပြည်မှာ
မျက်ဖြူလန်ပြီးလိပ်တယ်

မိုးလင်းထဲကစဉ်းစားမိတာလိပ်ဖို့ပါပဲ
လိပ်မှာပဲ လိပ်မှာပဲ
ငါ့ကိုလာလာမတားနဲ့....
အဲလက်စ်ရဲ့စားမှာပဲ..သီချင်းကို ကော်ပီလုပ်ဆိုရင်း
လိပ်တယ်

ဘယ်လျှောက်လည်နေသလဲ
လိုက်ရှာတော့
ခွေးအိုကြီးတကောင်ရဲ့ခြေရင်းမှာ
ဝပ်ဆင်းနေတဲ့ဝဋ်ကို လိပ်တယ်

အလိပ်ထဲ လိပ်ဝင်နေတဲ့နေ့ညတွေ
အလိပ်ထဲ လိမ့်ဆင်းနေတဲ့သွေးချွေးတွေ

ဝရုန်းသုန်းကားထိုးရပ်နေတဲ့
ယန္တရားအိုကြီးတလုံးထဲ
အရစ်ပြုန်းတဲ့အထိ
လည်ပင်းညှစ်ခံရတော့မယ့်ဝက်အူတလုံး
ငါ့မှာ မအိပ်ခင်လိပ်ရဦးမယ့်ခရီးတွေနဲ့

ငွေတန်းစစ်မျက်နှာ တနေရာမှာ
ရွပ်ရွပ်ချွံချွံငါလိပ်ခဲ့ပါတယ်။ ။

(၄ရက် ၊ ဖေဖော်ဝါရီ၊ ၂၀၀၉)




8 comments:

Moe Cho Thinn said...

ရီလိုက်ရတာ အူနာနေပြီ။ :D :D :D

MANORHARY said...

အဲဒီထဲကို သောကတွေ၊အဆင်မပြေမှုတွေ၊စိတ်ညစ်ညူး
မှုတွေထည့်လိပ်ပေးစမ်းပါ..တစ်ယောက်ယောက်ကို
ကျွေးချင်လို့...း(

အိုင်လွယ်ပန် said...

:P

အမည်မဲ့ said...

ကောင်းတယ်အစ်ကိုရာ .. အစ်ကို့ကိုပြောလို့ အားမရလို့ .. ကွန့်မန့်လာပေးလိုက်တာ . ..

ကိုရင်နော်ခင်လေးငယ် said...

အကိုရေ...

ဆူရှီကို အရမ်းနှစ်သက်သူပါ...

ကဗျာဆရာ လိပ်တဲ့ ဆူရှီကို မစားရက်ပေမဲ့...
ဆူရှီသမားလိပ်တဲ့ ကဗျာကိုတော့
နှစ်သက်လွန်းစွာ စားသုံးသွားတယ်...

ဂါးလီကိုလည်း မထိ
ဝါဆာဘီနဲ့လည်း မတို့
ရှိုးယုဆိုတာ ဝေလာဝေးးးး

တကယ်.. အလိပ်လေး သက်သက်ကို စားသွားပါတယ်...

ကျေးဇူးပါ အကိုရေ...

Moe Myint Tane said...

ဘ၀တွေထဲမှာဘဲ ဘ၀တွေလည်း အလိပ်ခံနေရဆဲပါဘဲ အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ATN said...

လိပ်ခွင့်ရတုန်းလေး လိပ်ရတာကိုး...
ကိုယ့်ကိုယ်ကို ထည့်လိပ်ရတာ အရသာ အရှိဆုံး...
ပြီးရင် ၁၂ ဖြတ်ဖြတ်ပစ်လိုက်တယ်... တနှစ်စာ... အေးရော...

ရဲဝင့်သူ said...

မိုးလင်းထဲကစဉ်းစားမိတာလိပ်ဖို့ပါပဲ
လိပ်မှာပဲ လိပ်မှာပဲ
ငါ့ကိုလာလာမတားနဲ့....
အဲလက်စ်ရဲ့စားမှာပဲ..သီချင်းကို ကော်ပီလုပ်ဆိုရင်း
လိပ်တယ်
................ ဘာပြောရမှန်းကိုမသိတော့ပါဘူးအကို...
လေးစားစွာဖြင့်
ရဲဝင့်သူ
www.yewintthu.co.cc