Wednesday, March 4, 2009

ဆူရှီသမားလိပ်တဲ့ကဗျာ


မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ


ရှင့်သတင်းနားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ်.
...ကိုကိုရေ

ခင်ဗျားရေးတာတွေကို
လူတွေနားမလည်ဘူး
(အင်းပါ….)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်

ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်

ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့

ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့ရက်
ချိုမြိန်လှချေရဲ့

ပြီးပါပြီ………..လို့
ဘယ်သူတွေစာတန်းထိုးထိုး
အရိုးတွန်သံတွေမဆုံးဘူး
ကိုယ့်လူတို့

( ၃ရက် ။ မတ်လ။ ၂၀၀၉)


4 comments:

အောင်သာငယ် said...

ဆူရှီသမားလိပ်တဲ့ကဗျာကို ဆူရှီလိပ်တဲ့ ကဗျာရေးသမား တယောက် လာရောက် ထိရှသွားပါတယ်ဗျာ...

MANORHARY said...

စိတ်ညစ်တယ်ဟာ
ငါကတော့ ရနိုင်ရင် ငါ့ ဘဝလေးငါပြန်ဝယ်ချင်တယ်

အိုင်လွယ်ပန် said...

အစ်ကို့ကဗျာတွေဖတ်လိုက်တိုင်း

တစ်ခုခု ရရလိုက်တယ် ....

ကျေးဇူးပါအစ်ကို ................

Moe Myint Tane said...

အကိုရေ

ပြန်ဝယ်လို့ရမယ်ဆိုရင် ဘ၀ကို ပြန်ခင်းကျင်းဘို့ ကျွန်တော်ယက်ခဲ့တဲ့ ငယ်ဘ၀တွင်းလေးကို ပြန်ဝယ်ချင်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်