Thursday, January 21, 2010

ကဗျာမရေးဖြစ်တဲ့အကြောင်း

မနက်ခင်းမှာ ငှက်ကလေးတွေရဲ့သီချင်းတွေ
အသံဝင်သွားတဲ့နေ့ကစလို့
ကျည်ဆံခွံဟောင်းနဲ့ဘုရားပန်းအိုးထိုးတယ်ဘာညာ ပလီပလာတွေလုပ်နေလို့
ကျမအသစ်ကလေးပါပြောလည်း ဒီညဈေးဦးမပေါက်ခဲ့လို့
နီဂရိုးမလေးအတွက် နီရိုမော်ဒန်နဲ့
အလန်းလေးဖတ်ဖို့ လန်းဂွစ်စတစ်ပိုယဲ့ထရီတွေ မရေးတတ်လို့
ဆယ်လမွန်ငါးတွေပြန်မရတော့ဘူး ဆူရှီဗူးထဲရောက်ကုန်လို့
ခုရှုနေတဲ့ဆေးခြောက်က ကိုလံဘီယာကလာတာလို့ ကြွားနေလို့
အမိုးသမီးလေးက မိုးတွေခေါင်နေလို့
ကြက်ဆူတောမှာ ခွေးတွေဟောင်နေလို့
ဆွဲစရာမရှိရင် ဘာဆက်ဆွဲထားရမလဲဆိုပြီး
သစ်ကိုင်းလွတ်မျောက်တကောင်က နပူနဆာလာတိုက်နေလို့
အဝေးရောက်အစိုးရမှာလည်း ရွေးကောက်ပွဲဆိုတာမရှိလို့
ထောင်နှုတ်ခမ်းနင်းဖူးပေမဲ့ ဒင်းကလေးရဲ့နှုတ်ခမ်းကို မနမ်းဖူးသေးလို့
ဟိုကောင်ကြီးမြေး ရန်ကုန်မြစ်ထဲ အောက်စက်လေးတပွေနဲ့လေညင်းခံထွက်နေလို့
၂၀၁၀ရွေးကောက်ပွဲဝင်မလားစဉ်းစားနေလို့
၂၀၁၂ကျ ကမ္ဘာပျက်မှာတွေးကြောက်နေလို့
စီးပွားပျက်ကပ်အကြောင်းပြပြီး သူမိန်းမ စကပ်ဖိုးကြိတ်စုနေတဲ့
ဇော်ကြီးဆိုတဲ့ကောင်ကို ကြည့်မရလို့
ဟေတီငလျင်ကို ကြပ်ပြေးပလ္လင်အောက် မ,မရွှေ့နိုင်သေးလို့
ပစ္စုပ္ပာန်ရွဲ့ရွဲ့ကိုရှုမြင်နေလို့
မဟာသမ္မတမင်းကြီး ကယ်တော်မူပါ
ဘာဆက်ရေးရမှန်း မသိတော့ဘူး။ ။

၂၀ ဇန်န၀ါရီ ၂၀၁၀
(ကျနော်ကဗျာမရေးဖြစ်တဲ့အကြောင်း
ကဗျာရေးခိုင်းဖူးတဲ့ ကိုအောင်သာငယ်သို့….)

10 comments:

ကိုချစ်ဖေ said...

ညည ဇီးကွက်တွေနဲ့ အစာလုရှာရ မဲ့ရက်ကို ကြိုစောင့်ရလို့..
တနင်္ဂနွေ နေတိုင်း မရိုးတဲ့ ဂီတတွေ ဆိုညည်းရလို့..
ခရစ်စတီးနာ ၂ယောက်ကိုလွမ်းလို့......
......လို့..
......လို့..
မျောက်သစ်ကိုင်းလွတ်တာ ပြုတ်ကျရင် ချက်စားလိုက်ကွာ ရင်ညည်းချင်တဲ့သူတွေကိုမှ
နားညည်းစရာ လာလာလုပ်တယ်.
ဆင့်အ၀ှါ အနာ လာလာလုပ်တယ်.

Eaindra said...

ကဗျာရေးမရတဲ့ အကြောင်းကို
ကဗျာချချရေးတာ
ကဗျာဆရာတွေရဲ့ ကဗျာဆန်တဲ့ အလုပ်တစ်ခုထင်ပါရဲ့
ဟုတ်တယ်...
ကဗျာရေးရမှာ အားမရှိပါဘူး အကိုရာ...

tin min htet said...

ဆော်လမွန်တွေလည်း ပြေးလိုက်ကြတာ ဆူဒန် နဲ့ ဆိုမာလီယာ ကိုတောင် ရောက်ကုန်ကြပြီ ..

ATN said...

အဲသည် ဆယ်လမွန်ကြီးတွေပေါ့...
နေ့တိုင်းလှီးလှီးနေရလို့... ..
စိတ်ထဲက တကယ်လှီးချင်နေမိတာကတော့
အဘကြီး လည်ပင်းဖြစ်နေလို့...
ဟောသည် ဆူရှီဓါးကလည်း
သွေးစရာမလိုပဲ အသွားထက်နေလို့...
ခုတော့လည်း ဘာဆက်ရေးရတော့မယ် မသိတော့လို့...

MANORHARY said...

လျှောက်ပြောနေတဲ့ထဲ
အကြောင်းပြချက်တစ်ခုလိုနေတယ်
မထည့်ပေးတော့ပါဘူး
တော်ကြာ ...း))

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

အသစ်ဆိုလို့ လာဖတ်ပါတယ်

Nyo Htet Nyo said...

အင်မတန်ကြိုက်ပါတယ် ကိုသစ်ကောင်းအိမ်ရေ

lit.hoshi said...

''ကဗျာ မခံစားနိုင်ခြင်း အကြောင်း''

အေး င့ါမှာလဲ မန်းနီးက မရှိလို့
အောင်ငဲကလဲ အိမ်ဝယ်ရင်ရေကူးကန်ပါရမတဲ့ ဆိုလို့
မိန်းမ ကလဲ ထိုင်းမော်တော်ဆိုင်ကယ်မှ စီးချင်တယ် ဆိုလို့
အမေကလဲ ဘုရားဖူးသွားမယ် ဆိုလို့
ယောက်ခမ ကလဲ ရခိုင်ဘုရားဖူးသွားချင်သေးသတဲ့ ဆိုလို့
အိမ်က ဟာကလဲ မလိုအပ်တာတွေ ယူထားလို့
အိမ်လခလဲ ၄၀၀ လောက် ကျလို့
ဒီကြားထဲ.. ငါ့ ဂျင်းဘောင်းဘီက ဂွပြဲသွားလို့…..

kalayma :)

Moe Cho Thinn said...

ကဗျာရော ကွန်မန့်တွေပါ လာဖတ်ပြီး သဘောကျလွန်းလို့ ရီလိုက်ရတာ..

အထက်ပါ အကြောင်းကြောင်းတွေကြောင့် တို့လဲ စာမရေးဖြစ်တော့ဘူး ဆိုပါတော့...

(ဖြည့်စွက်ချက်။ ။ စာမရေးနိုင်တာလဲ because တွေ ပိနေလို့ ...)

သစ်ခက်အိမ် said...

ကောင်းလိုက်တဲ့ ကဗျာမရေးဖြစ်တဲ့အကြောင်း..ဗျာ..