Thursday, June 18, 2009

နောက်နေ့ကျမှ ဆက်ပြောကြရအောင်



တသက်လုံး
ချိုးထောင်၊ ခါနှိုက်လုပ်လာတဲ့ကောင်
စိတ်ကောင်းဝင်တဲ့နေ့မှာ ငှက်လွှတ်မယ်

အရုဏ်ဦးမှာ
ချစ်စွာသောကြာပန်းရနံ့တို့ဖြင့်
မွှေးပျံစွာ
ဘုရားပန်းတင်မယ့်လက်များ
အရာရာဟာ
လျာထားချက်ထဲမှာပဲ
ရှိသေးတယ်

တောကနက်လွန်းတော့
ခြင်္သေ့ရှိတယ်
ခွေးအရှိတယ်
လင်းယုန်လည်းရှိတယ်
လင်းတလည်းရှိတယ်

ကမ္ဘာကျော်ဘောလုံးသမား
မဖြစ်လည်း
ကမ္ဘာကြီးရဲ့အရေပြားပေါ်
ဆေးမင်ထိုးခဲ့တယ်

အပျော်စီးသင်္ဘောကြီးနဲ့
ကမ္ဘာ့သမုဒ္ဒရာကြီးတွေမဖြတ်ဘူးပေမယ့်
ဘတ်(စ)ကားကြီးတစင်းထဲ
ပျော်ရွှင်နေတဲ့လူအုပ်ကြီးထဲတိုးဝင်
အိမ်ပြန်ချင်တယ်

……ကမ္ဘာစစ်နှစ်ခုနဲ့ညားခဲ့တဲ့
နာမည်ကျော်မုဆိုးမ……

မြစ်ကူးချောင်းခြားတောင်
အနမ်းဟာ ယမ်းနံ့မကင်းဘူး

ဧဒင်မျိုးတုံးဖို့
လူသားဗုံးတွေတလုံးပြီး
တလုံးပေါက်ကွဲနေချိန်မှာ
တို့တယောက်ကိုတယောက်
ပိုချစ်ကြရအောင် ဒေလီယာ…..။ ။

၂၇. ဇန်န၀ါရီ. ၂၀၀၈


3 comments:

အိုင်လွယ်ပန် said...

အရုဏ်ဦးမှာ
ချစ်စွာသောကြာပန်းရနံ့တို့ဖြင့်
မွှေးပျံစွာ
ဘုရားပန်းတင်မယ့်လက်များ
အရာရာဟာ
လျာထားချက်ထဲမှာပဲ
ရှိသေးတယ်

အရမ်းကောင်းတယ်ဗျာ ....

mgphonemyint said...

ကမ္ဘာကြီးအရေပြားပေါ် ဆေးမင်ထိုးမဲ့ အကြောင်း ....

ဒီကနေ့ပဲ ဆက်ပြောလိုက်ကြရအောင် ...။

အိန္ဒြာ said...

ကိုသစ်ကောင်းအိမ်...

ကဗျာသစ်မျှော်နေတုန်း ဖတ်ခွင့်ရလို့ကျေးဇူးပါ...

စကားမစပ်....

စကားပုံတစ်ခုကြားဖူးလား...