Wednesday, June 15, 2011

ဇွန်ပန်းရုံအနီး နွံထဲ၌ သမိုင်းဘီးကျွံနေဆဲများ

ဝက်လိုလူးမလား
ကြာလိုပွင့်မလား…
နွံထဲလည်း နွံထဲအလျောက်
စစ်ထဲလည်း စစ်ထဲအလျောက်
သေမလား…..
ရှင်မလား…
စစ်ပြေးများ
စစ်ခွေးများ
သေကွဲများ
ရှင်ကွဲများ
သေကောင်ပေါင်းလဲများ

မသေမရှင် ငါ့သူငယ်ချင်းများ
မသေမရှင် မသေဟင်းမသေထမင်းများ
မသေမရှင် ရန်ကုန်ရဲ့စစ်ပြေးလမ်းမှာ
ပဲခူးမြစ်ဘေးက ကျည်စုဆိုတဲ့သုသာန်လေးမှာ
အမေ့ကို ပစ်ပြေးခဲ့ရခြင်းများ
တပင်တည်းကပွင့်တဲ့ပန်းများနဲ့ ဘုရားပန်း မင်းထိုးဖို့
ဇွန်၂၈သို့ ငါ့စံပယ်ပန်းများစွာများ
မသေမရှင် အာဏာလက်ဟောင်းနဲ့သမတလက်သစ်ကြီးများ
မသေမရှင် အဝေးရောက်ဘုရင်မင်းမြတ်များ
မသေမရှင် တိုင်းသူပြည်သားများ
မသေမရှင် မြို့ပြများ သတင်းဌာနများ
မသေမရှင် အာရပ်လှိုင်းအမီလိုက်စီးရင်း
ဓာတ်ဆီဆိုင်တဆိုင်ထဲမှာ ကက်ရှာလိုလို ပြာတာလိုလို
ဟိုင်း… ဟလို… သိုင့်စ် မန်း နဲ့ ငါရဲ့ Have a good day.. များ
မသေမရှင် စိတ်ကျရောဂါဖက်ရှင်များ
မသေမရှင် ခရိုက်တန်လမ်းပေါ်က ဆန်းမန်းနီးများ
မသေမရှင် ငါတို့ *ဟိုက်ဒိုကိုဒုန်းများ
မသေမရှင် ကိုယ့်ဘဝခရီးကလည်း တောင်ကမြောက်ကိုစီးလေတော့
ကိုယ်ဆံပင်ကိုယ်မဖြတ်ဘဲ သောင်ရင်းမြစ်ကိုဖြတ်ခဲ့ရခြင်းများ

ခင်ဗျားအာနေကျ အာကြီးထဲ
အာဂုံဆောင်နေကျ
အရုဏ်ဦးကြီးကရော ယောင်ကိုင်းနီမြန်းစပြုပြီလား……

အလေးချိန်တိုးဖို့
ကိုယ့်အလောင်းကိုယ်
ရေထိုးပြီးရောင်းလိုက်ရတော့မှာလား….

စိုင်းစိုင်းကို မသနားနဲ့
နင့်ကိုယ်နင်ပဲသနားဟ…
ဒီမှာတော့ မပြီးသေးဘူး
မပြီးသေးဘူး ညီမလေးရေ
အဲဒီတန်းလန်းကြီးကိုရော
လက်တွေလို လေထဲမြှောက်ခိုင်းထားရတော့မှာလား။ ။




ဟိုက်ဒိုကိုဒုန်း- မူးယစ်ဆေးဝါးအဖြစ်သုံးသောအကိုက်အခဲပျောက်ဆေး

(၀၆. ၁၄. ၁၁)

1 comment:

စံပယ်ချို said...

ဇွန်ပန်းရုံအနီး နွံထဲ၌ သမိုင်းဘီးကျွံနေဆဲများ

ခေါင်းစဉ်ကိုလဲကြိုက်တယ်....
စာသားတွေလဲခံစားလို့ရခဲ့တယ်။