Friday, March 11, 2011

ပျော်ပျော်ရွှင်ရွှင် ဝေဟင်ထဲ

မနက်ပြတင်းကို ဆူနာမီသတင်းက တွန်းဖွင့်ဝင်လာ
ဘာလိုသေးလဲ ဒီတနေ့တာ
တောင်မင်းကရေနစ်ပြီး မြောက်မင်းကိုမိုးကြိုးပစ်နေတဲ့
လူသားကမ္ဘာမှာ ဒီတနေ့တာ
ဆုပ်ကပ်ပဲ စုတ်သပ်ရုံမှတပါး လူသားကမ္ဘာမှာ ဒီတနေ့တာ ...
ကိုယ့်ရှင်ကျန်မှုဟာ ဝမ်းမြောက်ဖွယ်လား သွေးပျက်ဖွယ်လား
လူသားကမ္ဘာမှာ ဒီတနေ့တာ
ပဒေသာပင်ပျောက်တာပဲ ကြားဖူးပြီး
ပဒေသာပင်ပေါက်တာ မမြင်ဖူးတဲ့
လူသားကမ္ဘာမှာ ဒီတနေ့တာ
ဘာလိုသေးလဲ ဒီတနေ့တာ

၈.၈ မဂ္ဂါစကေးငလျင်နဲ့
မိသားစုကော်ဖီဝိုင်းကို စတင်
သောက်စရာခေါင်းစဉ် ရပြီ
ရေးစရာကဗျာ ရပြီ
လွှင့်စရာသတင်း ရပြီ
ဘလော့မှာ ပို့စ်အသစ်တင်စရာ ရပြီ
မျက်နှာစာအုပ် ကိုယ်စီမှာ
သင်တို့ကိုယ်ချင်းစာတရားနဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာများကိုလည်း
ကြော်ငြာလို့ရပါပြီ။ ။



(၀၃. ၁၁. ၂၀၁၁)

No comments: