Tuesday, September 8, 2009

မိုးနေ့ဟောင်းများ


လာတုန်းကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်

မင်းကမ်းစပ်မှာ
လက်ပမ်းကျတဲ့ပင်လယ်
မင်းကမ်းခြေမှာ ရေတိမ်နစ်တဲ့ပင်လယ်

လာတုံးကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်

မင်းစဥ့်တီတုံးပေါ်
အရှင်လတ်လတ်ငါးတကောင်သေငယ်ဇောငင်သလို ပင်လယ်
မင်းကောင်းကင်အောက်မှာ
လှိုင်းတွေနဲ့ဘောင်ဘင်ခတ်
မှန်တချပ်လိုဖျပ်ဖျပ်လူးကျကွဲနေတဲ့ ပင်လယ်

မင်းမျက်နှာအနေအထားသာ
ငါ့အတွက် လောကဓံတရားဆိုတဲ့ ပင်လယ်
မင်းမုန်တိုင်းတွေမှာ
အဘိဓ္ဒမာဆရာတယောက်လိုငိုကြွေးပြီး
မင်းလေညင်းတွေမှာ
ကလေးငယ်တယောက်လို ရယ်မောပျော်ရွှင်သူပင်လယ်

ပျင်းရိငြီးငွေ့ဖွယ် မင်းနေ့တွေမှာ
စင်ရော်တွေကိုပျံသန်းခိုင်းပြီး
လင်းပိုင်တွေကို မြူးတူးဆော့ကစားစေသူ ပင်လယ်

လပြည့်လကွယ်ညရောက်တိုင်း
ရေသူမတွေကိုဖန်ဆင်း
မင်းခြေတော်ရင်းမှာ ဝပ်ဆင်းခံစားစေသူပင်လယ်

မင်းအနမ်းမှာပဲ
ကိုယ့်ကိုယ်ကို ငါးမန်းစာကျွေးပစ်ချင်တဲ့ပင်လယ်
မင်းသေနတ်ထဲမှာပဲ
အသက်စွန့်ရတဲ့ ကျည်ဆံတတောင့်ဖြစ်ချင်တဲ့ ပင်လယ်
မင်းရာဇဝင်မှာပဲ
ပုဂံမြို့ဟောင်းဖြစ်ချင်တဲ့ပင်လယ်
မင်းလက်ဝါးကပ်တိုင်မှာပဲ
သူတော်စင် ငါဖြစ်ချင်တဲ့ပင်လယ်

လာတုံးက အုန်းရေသောက်ရုံ
ခရုခွံကောာက်ရုံသက်သက်


6 comments:

tin min htet said...

အုန်းရည် (ဓနိရည်) သောက်ရင်း
ပြုတ်ကျခဲ့တဲ့ ပင်လယ် :)

MANORHARY said...

ထိုက်တန်သောပင်လယ်
ထိုက်တန်သောနေ့ဟောင်း
ထိုက်တန်သောရလာဒ်

ငြိမ်းဝေ said...

ဟဲ့ကောင်လေး..မောင်ရင့် read more က ကိုယ့်ဆီမှာဖွင့်မရဘူး၊အဝေးရောက်ပင်လယ်မှာသွားဖတ်ရတယ်
ကဗျာတပုဒ်ဖန်ဆင်းလို့ ရထားတယ်၊မောင်ရင့်လောက်တော့ ကိုယ်ရောင်ကိုယ်ဝါမ
တောက်ပဘူးပေါ့၊သတိတော့ရတယ်..ဒါပေမယ့် မောင်ရင်
မရှိတော့ ငုဝါတွေက မဲဆောက်မှာ ပိုပြီးဝါနိုင်တော့တာ
ပေါ့ အေးကွာ အခုလို ကိုယ့်မှာလည်း ကဗျာတပုဒ်တလေ
ဘုရားသခင်ကစွန့် ကြဲတဲ့အချိန်မျိုးမှာ မောင်ရင့်ကိုလွမ်းတယ်..ဒါပါပဲ။

Eaindra said...

ကြမ်းကြားလေကြား
လျှို့ဝှက်အပ်သောစကားတွေ ဘောင်ဗင်ဆန်နေတဲ့ ပင်လယ်
ဇီဝဇိုးတွေကို လက်ထိုးအန်ခိုင်းခဲ့တဲ့ ပင်လယ်
ငါးပွက်ရာ ငါးစာချသူတွေ..တက်စုံဖွင့် ရွက်ကုန်လွှင့်ထွက်လာတဲ့ ပင်လယ်..
ကောင်းကင်ကို မှန်တစ်ချပ်လို..အရိပ်ကြည့်နေခဲ့ပြီး..
တိမ်တွေကို ဖက်ရှင်ဆန်ဆန် ချုပ်လုပ်ဝတ်ဆင်ချင်တဲ့ ပင်လယ်

စိုင်းလောဝ်ပိန်း said...

မင်းမျက်နှာအနေအထားသာ
ငါ့အတွက် လောကဓံတရား တဲ့လား အကို
ကျွန်တော်တော့ တော်တော် ထိသွားပြီ :)

အဖြူရောင်နတ်သမီး said...

“လာတုန်းကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်”...
အခုတော့....
ကဗျာတွေပါ ဖတ်သွားတယ်.နော်
--------------------------------------------
ကဗျာဆရာများအား အစဉ်လေးစားလျှက်...