Thursday, March 5, 2009

ဆူရှီသမားလိပ်တဲ့ကဗျာ(၂)


အီရတ်မှာ
သမ္မတကြီးဘုရှ်
ဖိပ်နပ်ပေါက်ခံရတုံးကလည်း လိပ်ခဲ့တယ်
ဝါရှင်တန်ဒီစီမှာ ဘားရက်အိုဘားမားနဲ့
ဒေါ်မေငြိမ်းဓာတ်ပုံတွဲရိုက်တော့လည်း
လိပ်ခဲ့တယ်


လိပ်ခဲ့တယ်
မြောက်ကယ်လိုရိုင်းနားမှာ လိပ်ခဲ့တယ်
ဝက်စ်ဗာဂျီးနီးယားမှာ လိပ်ခဲ့တယ်
ကယ်လီဖိုးနီးယားမှာ လိပ်ခဲ့တယ်

လိပ်တယ်
ပက်လက်လှန်ထားတဲ့လိပ်တကောင်လို
ယက်ကန်ယက်ကန် လိပ်တယ်

လိပ်တယ်
ဇက်ကြိုးဆောင့်ဆွဲခံရတဲ့ မြင်းတကောင်လို
ပတပ်ရပ်ပြီးလိပ်တယ်

လိပ်တယ်
ငါးပိသွားကိုင်မိတဲ့မျောက်တကောင်လို
ပျာယာခတ်တောက်လောင်ပြီး လိပ်တယ်

အလိပ်ထဲ လိပ်စာတွေပျောက်နေတယ်
အလိပ်ထဲ တောတွေမှောက်နေတယ်

လိပ်တယ်
မိုင်ပေါင်းသောင်းချီဝေးတဲ့အဝေး
ဖုန်းထဲက သားလေးပေးတဲ့မွှေးမွှေးကို
လိပ်တယ်
ကောင်မလေးအေးရဲ့
ညာနားရွက်နောက်ကအသားပိုလေးကို
လိပ်တယ်
ပွဲလန့်ချိန် ဖျာလိပ်ထမ်းစောင့်နေတဲ့
ငနဲတွေကိုလိပ်တယ်
မျက်နှာဖြူတွေတိုင်းပြည်မှာ
မျက်ဖြူလန်ပြီးလိပ်တယ်

မိုးလင်းထဲကစဉ်းစားမိတာလိပ်ဖို့ပါပဲ
လိပ်မှာပဲ လိပ်မှာပဲ
ငါ့ကိုလာလာမတားနဲ့....
အဲလက်စ်ရဲ့စားမှာပဲ..သီချင်းကို ကော်ပီလုပ်ဆိုရင်း
လိပ်တယ်

ဘယ်လျှောက်လည်နေသလဲ
လိုက်ရှာတော့
ခွေးအိုကြီးတကောင်ရဲ့ခြေရင်းမှာ
ဝပ်ဆင်းနေတဲ့ဝဋ်ကို လိပ်တယ်

အလိပ်ထဲ လိပ်ဝင်နေတဲ့နေ့ညတွေ
အလိပ်ထဲ လိမ့်ဆင်းနေတဲ့သွေးချွေးတွေ

ဝရုန်းသုန်းကားထိုးရပ်နေတဲ့
ယန္တရားအိုကြီးတလုံးထဲ
အရစ်ပြုန်းတဲ့အထိ
လည်ပင်းညှစ်ခံရတော့မယ့်ဝက်အူတလုံး
ငါ့မှာ မအိပ်ခင်လိပ်ရဦးမယ့်ခရီးတွေနဲ့

ငွေတန်းစစ်မျက်နှာ တနေရာမှာ
ရွပ်ရွပ်ချွံချွံငါလိပ်ခဲ့ပါတယ်။ ။

(၄ရက် ၊ ဖေဖော်ဝါရီ၊ ၂၀၀၉)




Wednesday, March 4, 2009

ဆူရှီသမားလိပ်တဲ့ကဗျာ


မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ


ရှင့်သတင်းနားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ်.
...ကိုကိုရေ

ခင်ဗျားရေးတာတွေကို
လူတွေနားမလည်ဘူး
(အင်းပါ….)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်

ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်

ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့

ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့ရက်
ချိုမြိန်လှချေရဲ့

ပြီးပါပြီ………..လို့
ဘယ်သူတွေစာတန်းထိုးထိုး
အရိုးတွန်သံတွေမဆုံးဘူး
ကိုယ့်လူတို့

( ၃ရက် ။ မတ်လ။ ၂၀၀၉)


Sunday, March 1, 2009

အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်


လောက
အမှိုက်သရိုက်
အန်ဖတ်
ဒိုက်သရောတွေကို တိုက်စား
ဟိုး…ရေပြင်နက်နက်ဆီယူဆောင်သွားဖို့
မိုးမည်းမည်းတွေ
သည်းသည်းမဲမဲရွာစမ်းပါ

ပြည်သူလက်မဲ့အစိုးရ
နပုန်းပဏ္ဍုက်၊ ဘိန်းပွဲစား၊ ရိုဟင်ဂျာ
အားလုံးသတင်းဖြစ်နေတဲ့ခေတ်ကြီးမှာ
ငါမင်းကိုချစ်တာရော သတင်းမဖြစ်သင့်ဘူးလား

အရွယ်သုံးပါးမရွေးမိတတ်တဲ့ မိုးထဲ
မကြီးမငယ်နဲ့မိုးတွေ မိ….မိနေတယ်

လိင်တူအခွင့်အရေးကျွမ်းကျင်သူတွေတောင်
သူတို့မှာ လွတ်လပ်ခွင့်တွေရှိတယ်....ဆိုလေတော့
ဣထိယမှော်ဝင်သူရယ်လို့တော့
ငါ့ကို မပြစ်မှားသင့်ဘူးပေါ့ကွာ

အညှာကပဲလွယ်တာလား
အသည်းကပဲငယ်တာလား
တကယ်က…..
လေယာဉ်အချက်ပေးဥသြတွေဆွဲလို့
ဗုံးခိုကျင်းထဲ ခုန်ချမိတာပါ

ဒီကဗျာနဲ့
ငါ့ကိုယ်ငါ သက်ပျောက်ဆွမ်းသွတ်ခဲ့တယ်။ ။

(၂၈၊ ဖေဖော်ဝါရီ၊ ၂၀၀၉)